ဒါကတော့ ကျွန်မ အဖေရဲ့ ဦးလေးပါ။ ကျွန်မ အဖေ့ အဖေရဲ့ ညီထွေးလေးပေါ့။ နာမည်ကတော့ Joe McKenna ပါ။ သူက အိမ်ထောင်သည် အမျိုးသားဖြစ်သလို ဘက်စကတ်ဘောနဲ့ ဝင်ငွေရှာနေ တဲ့ New York က မီးသတ်သမားလည်း ဖြစ်ပါ တယ်။ မိသားစုသမိုင်းအရ မီးသတ်သမားဖြစ်ရတာ ကြိုက်တယ်လို့ ဆိုတယ် ဒါကြောင့် ၁၉၈၃ သူရဲ့ အားလပ်ရက် တစ်ရက်တွင် မီးသတ်ဌာနမှ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲနေ့ကို အကျိုးရှိအောင်လို့ သူက ရှိသမျှ ကြေးထည်တွေ မီးသတ်ကား လက်ရန်းတွေ နံရံပေါ်က တပ်ဆင်ထားတဲ့ အရာတွေကို ပြောင်လတ်အောင် တိုက်ပါတယ်။ အဲထဲက မီးသတ်ပိုက်ခေါင်း သံထည်အကြီးတစ်ခုပေါ့ စင်ပေါ်က ပြုတ်ကျပြီးတော့ သူကို ခိုက်မိပါတယ်။ နောက်ရက်အနည်းငယ်ကြာတော့ သူ့ ပုခုံးစနာလာပါတယ်။ နောက်နှစ်ရက်ပြီးတော့ အဖျားတက်လာပါတယ်။ အဖျားက တက်ပြီးရင်း တက်တယ်။ သူ့ အမျိုးသမီးကတော့ သူ့ ကိုပြုစုနေတယ်။ ဒါပေမဲ့ ဘာမှမထူးခြားခဲ့ပါဘူး။ ပြီးတော့ သူတို့ အနီးအနားက ဆရာဝန်ကိုခေါ်လိုက်တယ်။ သူလုပ်တာလည်း ဘာတစ်ခုမှ အရေးပါအရာ မရောက်ခဲ့ပါဘူး။ သူတို့ ကားငှားပြီး သူ့ကို ဆေးရုံကို ခေါ်သွားပါတယ်။ ဆေးရုံက သူနာပြုတွေ သူ့မှာ ကူးစက်ရောဂါ ရှိတယ်ဆိုတာ ချက်ချင်းသိကြပါတယ်။ အဲတုန်းကတော့ သွေးဆိပ် သင့်တယ်လို့ခေါ်တာပေါ့။ သူတို့ ဘာမှမပြောခဲ့ပေမဲ့လည်း သူတို့လုပ်နိုင်တာ ဘာမှမရှိဘူးဆိုတာ သိနေကြတယ်လေ။ သူတို့လုပ်နိုင်တာ ဘာမှမရှိဘူး ဘာလို့လဲဆိုတော့ အခု ကျွန်မတို့ ကူးစက်ရောဂါကို ကုဖို့ သုံးနေကြတဲ့ အရာတွေက မရှိသေးဘူးလေ။ ပထမဆုံး ပင်နီဆင်လင်စမ်းသပ်မှု ပထမ ပဋိဇီဝ ပိုးသတ်ဆေးက နောက်သုံးနှစ်မှာပေါ်လာတာပါ။ ကူးစက်ရောဂါရတဲ့ လူတွေက ကံကောင်းရင် နေပြန်ကောင်းလာပါတယ်။ ဒါမှမဟုတ် သူတို့ သေကြပါတယ်။ ကျွန်မ အဖေ့ ဦးလေးကတော့ ကံမကောင်းခဲ့ဘူး။ သူက ဆေးရုံမှာ တစ်ပတ်လောက် ရှိနေခဲ့တယ်လေ။ ချမ်းတုန်ပြီး ရေဓာတ်ခန်းခြောက်လို့ ကယောင်းကတမ်းဖြစ်ကာ သူ့ ကိုယ်အင်္ဂါတွေယိုယွင်းတာနဲ့ အမျှ သတိမေ့မြောလာပါတယ်။ သူအခြေအနေက ဆိုးလွန်းလို့ သူ့မီးသတ်ဌာနက လူတွေ သူ့သွေးထဲက ရောဂါကို လျှော့ချဖို့ သွေးသွင်းပေးကြပါတယ်။ ဘာမှအလုပ်မဖြစ်ခဲ့ပါဘူး။ သူ သေသွားတယ်လေ။ သူက အသက် ၃၀ ဘဲ ရှိသေးတယ်။ ရှင်က သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် လူအများစုက ကျွန် အဖေ့ဦးလေးလို့ သေကြတာပါ။ သူတို့က ကင်ဆာ၊ နှလုံးရောဂါ၊ အခု ကျွန်မတို့ အနောက်တိုင်းမှာဖြစ်နေတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ဖြစ်တဲ့ရောဂါတွေကြောင့် သေကြတာမဟုတ်ဘူး။ သူတို့က အဲဒီရောဂါတွေကြောင့် မသေရတဲ့အကြောင်းအရင်းက သူတို့က အဲရောဂါတွေရဖို့ အသက်ရှည်ရှည်မနေရလို့ပါ။ သူတို့က ဒဏ်ရာတွေကြောင့် သေကြတယ်။ ကျွဲဝှေ့ခံရတာတွေ၊ စစ်ပွဲမှာ ပစ်သတ်ခံရတာ၊ စက်မှုတော်လှန်ရေးတုန်းက စက်ရုံတစ်ခုမှာ အပိခံရတာတွေပေါ့။ အများဆုံးကတော့ ကူးစက်ရောဂါတွေကြောင့်ပါ။ အဲဒါတွေက ဒဏ်ရာတွေစခဲ့တဲ့ အရာတွေကို အဆုံးသတ်ပါတယ်။ ပိုးသတ်ဆေးတွေ ရောက်လာတော့ အရာရာပြောင်းလဲသွားပါတယ်။ ရုတ်တရက်လိုပါဘဲ သေဒဏ်နဲ့ တူလှတဲ့ ကူးစက်ရောဂါတွေက ရက်အနည်းငယ်အတွင်း ပြန်ကောင်း လာနိုင်တဲအရာမျိုး ဖြစ်လာပါတယ်။ အံဖွယ်ဖြစ်ရပ်လို့မျိုးပေါ့။ အဲကတည်းက ကျွန်မတို့တွေဟာ ဒီအံဖွယ် ဆေးဝါးတွေရဲ့ ရွှေခတ်ထဲမှာ နေထိုင်နေကြတာလေ။ အခုတော့ ကျွန်မတို့ အဆုံးသတ်ကို ရောက်လို့လာပါပြီ။ ကျွန်မ အဖေ့ဦးလေးက ပိုးသတ်ဆေးမတိုင် ခေတ်ကာလရဲ့ နောက်ဆုံးရက်တွေမှာ သေဆုံးတာပါ။ အခု ကျွန်မတို့က ပိုးသတ်ဆေးခေတ်လွန် ကာလကို ရောက်တော့မှာပါ။ Joe ရခဲ့တဲ့ ကူးစက်ရောဂါတွေက လူတွေကို ပြန်သေစေတဲ့အချိန်ကာလ အစောဆုံးရက်တွေကိုပေါ့။ တကယ့်ကတော့ ဒါတွေက ဖြစ်နေပါပြီ။ လူတွေက ကူးစက်ရောဂါကြောင့် ပြန်သေနေကြပါပြီ။ ပိုးသတ်ဆေးယဉ်ခြင်း ဖြစ်စဉ်ကြောင့်မို့ပါ။ အတိုပြောရရင် ဒါကတော့ ဒီလိုပေါ့။ ဘက်တီးရီးယားတွေဟာ အရင်းအမြစ်တွေ၊ အစာတွေအတွက် တစ်ခြားအကောင်ကို သေစေနိုင်တဲ့ ဒြပ်ပေါင်းတွေထုတ်ပြီး ယှဉ်ပြိုင်ကြတယ်။ တစ်ခြားဘက်တီးရီးယားတွေက သူတို့ကိုယ်ကို ဓာတု တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် ခုခံစနစ်တွေ ထုတ်လုပ်ကြတယ်။ ကျွန်မတို့ ပထမဆုံး ပိုးသတ်ဆေးထုတ်တော့ အဲဒီ ဒြပ်ပေါင်းတွေကို ဓာတ်ခွဲခန်းထဲမှာ ကျွန်မတို့ ပုံစံနဲ့ထုတ်ခဲ့တာပါ။ ဘက်တီးရီးယားတွေကတော့ သူတို့နည်းအတိုင်း ကျွန်မတို့ရဲ့ တိုက်ခိုက်မှုကို ပြန်တုံပြန်ခဲ့တယ်လေ။ ဒါကတော့ နောက်ပိုင်းဖြစ်ပျက်ခဲ့တာတွေပါ။ ၁၉၄၃ မှာ ပင်နီဆီလင်ကို စတင်ဖြန့်ဖြူးပါတယ်။ ၁၉၄၅ မှာ ပင်နီဆီလင်ဆေးယဉ်ပါးမှု အပြန့်အနှံဖြစ်ပွားပါတယ်။ Vancomycin က ၁၉၇၂မှာ စတင်ပေါ်ပေါက်တာပါ။ ၁၉၈၈ မှာ ဆေးယဉ်ပါးမှုတွေ့ရှိပါတယ်။ Imipenem ကို ၁၉၈၈ မှာတွေ့တယ်။ ၁၉၉၈ မှာ ဆေးယဉ်ပါးမှုပေါ်တယ်။ Daptomycin နောက်ဆုံးပေါ်ဆေး ၂၀၀၃ မှာ ထွက်တယ်။ ဆေးယဉ်ပါးမှုကတော့ ၂၀၀၄ မှာ ပေါ်ပေါက်ပါတယ်။ နှစ် ၇၀ လောက်တောင် ကျွန်မတို့ ဖားခုန်တမ်းကစားခဲ့ကြတယ်လေ။ ကျွန်မတို့ ဆေး၊ သူတို့ရဲ့ ယဉ်ပါးမှု နောက် ဆေးတစ်ခု၊ နောက်ယဉ်ပါးမှုအသစ်ပေါ့။ အခုတော့ ဂိမ်းက ပြီးဆုံးပါတော့မယ်။ ဘက်တီးရီးယားတွေ ဆေးယဉ်ပါးတာ မြန်လွန်းလို့ ဆေးကုမ္ပဏီတွေတောင် ပိုးသတ်ဆေးထုတ်တာ သူတို့အတွက် အကျိုးမရှိဘူးလို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်း ပြန့်ပွားနေတဲ့ ကူးစက်ရောဂါတွေအတွက် စျေးကွက်ထဲမှာရှိနေတဲ့ ပိုးသတ်ဆေး အမျိုး ၁၀၀ မှာမှ နှစ်မျိုးလောက်က အသုံးတည့်မယ့် ဘေးထွက်ဆိုးကျိုးနဲ့ပေါ့။ ဒါမှမဟုတ် တစ်မျိုးတည်း ဒါမှမဟုတ် ဘာမှ အသုံးမတည့်ဘူး။ ဒါကတော့ အခုဖြစ်နေတဲ့အရာတွေပါ။ ၂၀၀၀ မှာ ရောဂါထိန်းချုပ် ကာကွယ်ရေးဗဟို CDC က မြောက် Carolina ဆေးရုံမှာ ဆေးနှစ်မျိုးဘဲတိုးတဲ့ ရောဂါရှိတဲ့ လူနာတစ်ယောက်ကို ဖော်ထုတ်ခဲ့ပါတယ်။ အခု KPC လို့သိရှိထားတဲ့ ဒီရောဂါဟာ ပြည်နယ်သုံးခုကလွဲရင် ကျန်ပြည်နယ် ပြီးရင် တောင်အမေရိက ဥရောပ အရှေ့အလယ်တိုင်းကို ပြန့်နှံလို့နေပါပြီ။ ၂၀၀၈မှုတုန်းက ဆွီဒင်က ဆရာဝန်တွေက အိန္ဒိယက လူတစ်ယောက်ကနေ ဆေးတစ်မျိုးဘဲတိုးတဲ့ ရောဂါကို တွေ့ရှိခဲ့ပါတယ်။ NDM လို့ ခေါ်တဲ့ ယဉ်ပါးမှု ဗီဇဟာ အိန္ဒိယကနေ တရုတ်ပြည်၊ အာရှ၊ အာဖရိက၊ ဥရောပ နဲ့ ကနေဒါ ပြီးရင် အမေရိကန်ကို ပြန့်နှံသွားပါပြီ။ ဒီကူးစက်ရောဂါတွေက အံ့မခန်းဖြစ်တယ်လို့ မျှော်လင့်ဖို့ သဘာဝကျကောင်းကျပါလိမ့်မယ်။ ဒါပေမဲ့ အမှန်မှာ အမေရိကန် နှင့် ဥရောပမှာ တစ်နှစ်မှာ လူပေါင်း ၅၀၀၀၀ လောက် ဘယ်ဆေးမှ မတိုးတဲ့ ရောဂါကြောင့် သေနေကြပါတယ်။ ဗြိတိန်အစိုးရ ထူထောင်ခဲ့တဲ့ ပိုးသတ်ဆေးယဉ်ပါးမှုစစ်တမ်း စီမံကိန်း ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်းသေနှုန်းက တစ်နှစ်ကို ၇၀၀၀၀၀ ဖြစ်ပါတယ်။ အဲဒါ နည်းတဲ့ သေနှုန်းတော့မဟုတ်ဘူး။ ပြီးရင် ရှင်ကတော့ အန္တရာယ်မရှိဘူးလို့ ထင်ချင်ကောင်းထင်လိမ့်မယ်။ ရှင်က ဒီလူတွေ အထူးကြပ်မတ်ခန်းထဲမှာ ရှိနေတဲ့လူနာတွေ၊ ဘဝအဆုံးကိုရောက်နေတဲ့ ဘိုးဘွားရိပ်သာက လူတွေ၊ ကျွန်မတို့နဲ့ ဝေးကွာနေတဲ့ရောဂါ ရှိနေတဲ့ ကျွန်မတို့ မခွဲခြားနိုင်တဲ့ အခြေအနေမှာ ရှိတဲ့ လူတွေဖြစ်မယ်လို့ မြင်ကောင်းမြင်ပါလိမ့်မယ်။ ရှင်တို့ ကျွန်မတို့တွေ မစဉ်းစားမိခဲ့တာက ပိုးသတ်ဆေးတွေက ယနေ့ခေတ် ဘဝအားလုံးကို အကျိုးပြုနေတယ်ဆိုတာကိုပါ။ ကျွန်မတို့ ပိုးသတ်ဆေးကို ဆုံးရှုံးရင် ကျွန်မတို့ ဆုံးရှုံးမယ့်အရာတွေက ဒါတွေပါ ပထမ ခုခံအားနည်းနေတဲ့ လူတွေအတွက် ကာကွယ်မှုပါ -- ကင်ဆာလူနာ၊ AIDS လူနာ၊ အင်္ဂါအစားထိုးလူနာ၊ လမစေ့ကလေးတွေပေါ့။ နောက်တစ်ခုကတော့ ခန္ဓာကိုယ်မှာ ပြင်ပ ပစ္စည်းတွေတပ်ဆင်ဖို့ လိုတဲ့ ကုထုံးတွေ။ လေဖြတ်လူနာအတွက် သွေးကြောအထောက်ကန်တွေ သွေးချိုလူနာအတွက် အင်ဆူလင်ထုတ်စက်တွေ၊ ကျောက်ကပ်ဆေးတာတွေ၊ အရိုးဆစ်လဲလည်တာတွေ။ အားကစားထက်သန်တဲ့ Baby Booomer ဘယ်နှစ်ယောက် တင်ပါးတွေ ဒူးခေါင်းတွေ အသစ် လိုမလဲ။ လက်တလော စစ်တမ်း ကောက်ချက် ချထားတာက ပိုးသတ်ဆေးသာမရှိရင် လူခြောက်ယောက်မှာ တစ်ယောက် သေမယ်ဆိုတာပါ။ နောက် ကျွန်မတို့ ခွဲစိတ်ကုသမှုကို ဆုံးရှုံးနိုင်ပါတယ်။ ခွဲစိတ်မှုအများစုက ပိုးသတ်ဆေးပေးပြီးမှစတာပါ။ အဲဒီအကာအကွယ်သာမရှိရင် ကျွန်မတို့တွေ ခန္ဓာကိုယ်ရဲ့ ပုန်းလျှိုနေတဲ့နေရာတွေကို ဖွင့်နိုင်မှာမဟုတ်ပါဘူး။ ဒါဆိုရင် နှလုံးခွဲစိတ်တာတွေ၊ ဆီးကျိတ်အသားစယူတာတွေ၊ ဗိုက်ခွဲကလေးမွေးတာတွေ မရှိတော့ဘူးပေါ့။ အခု ကျွန်မတို့တွေ ရောဂါအသေး အမွှားလေးကအစ ကြောက်တက်ဖို့လိုပါပြီ။ လည်ချောင်းနာတာကြောင့် နှလုံးအမောဖောက်ရောဂါဖြစ်တယ်။ အရေပြားရောဂါကြောင့် ခြေလက်တွေဖြတ်ပစ်ရတယ်။ အသန့်ရှင်းဆုံး ဆေးရုံမှာ ကလေးမွေးတဲ့ အမျိုးသမီး ၁၀၀ ယောက်မှာ ၁ ယောက် သေဆုံးပါတယ်။ အဆုတ်ရောင်ရောဂါကြောင့် ကလေး ၁၀ ယောက်မှာ ၃ ယောက်လောက်သေပါတယ်။ ပိုဆိုးတာက ကျွန်မတို့ နေ့စဉ်ဘဝကို ယုံကြည်ချက်အပြည့်နဲ့ မနေနိုင်တော့ပါဘူး။ ဘယ်ဒဏ်ရာမဆို ရှင်ကို သေစေနိုင်တယ်ဆိုတာကို သိရင် ရှင် ဆိုင်ကယ်စီးမလား၊ နှင်းလျှောစီးမလား၊ ရှင်ရဲ့ ခရစ်စမတ်မီး ချိတ်ဖို့အတွက် လှေကားပေါ်တက်မလား ရှင်ကလေးကို ဘေ့စ်ဘော ပေးကစားမလား။ တကယ်တော့ ပင်နီဆီလင်ဆေး ပထမဆုံး သုံးသူ ဗြိတိန်ရဲ Albert Alexander ရဲ့ ရောဂါက တော်တော်ဆိုးလို့ ဦးခေါင်းအရေက ပြည်တွေထွက်ပြီး ဆရာဝန်ကတောင် မျက်လုံး တစ်လုံး ထုတ်ပေးလိုက်ရတယ်။ သူ အသေးအမွှားကိစ္စ တစ်ခုလုပ်ရင်း ဖြစ်သွားတာပါ။ သူက ပန်းခြံထဲကို လမ်းလျှောက်ဝင်တဲ့အချိန်မှာ သူမျက်နှာကို အဆူးနဲ့ခြစ်မိလို့လေ။ အခု ကမ္ဘာလူသေနှုန်း တစ်နှစ် ၇၀၀၀၀၀ လို့ ခန့်မှန်းထားတဲ့ ကျွန်မပြောခဲ့တဲ့ ဗြိတိန် စီမံကိန်း ထပ်ခန့်မှန်းထားတာက ကျွန်မတို့သာ ဒါကို ၂၀၅၀ မတိုင်ခင် မထိန်းချုပ်နိုင်ရင် မကြာဘူးပေါ့ သေနှုန်းက တစ်နှစ်ကို ၁၀ သန်းဖြစ်လာနိုင်ပါတယ်။ ဒီကြောက်စရာကောင်းတဲ့ နံပါတ်တွေကို စောင့်စားနေရတဲ့ အချိန်ကို ကျွန်မတို့ ဘယ်လိုရောက်လာခဲ့တာလဲ။ ခက်ခဲတဲ့အဖြေကတော့ ကျွန်မတို့ ကိုယ့်ကို ပြန်လုပ်ခဲ့မိတာပါ။ ဆေးယဉ်ပါးတယ်ဆိုတာ မရှောင်လွဲနိုင်တဲ့ ဇီဝဖြစ်စဉ်ပါ။ ဒါပေမဲ့ ဒါကို အရှိန်မြှင့်တင်ပေးတဲ့အတွက် ကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကျွန်မတို့ ပိုးသတ်ဆေးကို ထိတ်လန့်ဖို့ကောင်းအောင် ဂရုမပြု ဖြုန်းတီးခဲ့ကြပါတယ်။ ပင်နီဆီလင်ကို ၁၉၅၀ မတိုင်ခင်ထိ ကောင်တာပေါ်မှာ တင်ရောင်းတာပါ။ ဖွံဖြိုးဆဲနိုင်ငံ အများစုမှာ အခုထိရောင်းနေဆဲပါ။ အမေရိကန်မှာ ဆေးရုံမှာပေးနေတဲ့ ပိုးသတ်ဆေးထဲက ၅၀% ဟာ မလိုအပ်ပါဘူး။ ဆရာဝန် ဆေးညွန်းစာရဲ့ ၄၅% က ပိုးသတ်ဆေး အကျုံးမဝင်တဲ့ အခြေအနေတွေအတွက်ပါ။ ဒါက ဆေးပညာနယ်ပယ်ထဲ မှာတင်ပါ။ ကမ္ဘာပေါ်မှာ ပိုးသတ်ဆေးတွေကို အသားထွက်တိရိစ္ဆာန်တွေ အတွက် နေ့စဉ်နဲ့အမျှ သုံးကြပါတယ်၊ ရောဂါကုဖို့မဟုတ်ဘူး၊ သူတို့ကို ဝအောင်လုပ်ဖို့ရယ်၊ သူတို့ ကြီးပြင်းတဲ့ မွေးမြူရေးခြံ အခြေအနေကနေ ကာကွယ်ဖို့ပါ။ အမေရိကန်မှာ ရောင်းချတဲ့ ပိုးသတ်ဆေးရဲ့ ၈၀% ဟာ တိရိစ္ဆာန်တွေဆီကို ရောက်တာပါ၊ လူတွေဆီမဟုတ်ပါဘူး။ ဒါနဲ့ဘဲ ခြံကနေ ရေထဲ၊ ဖုန်ထဲ၊ အသားထဲမှာပါသွားတဲ့ ဆေးယဉ်ပိုးမွှားတွေကို ဖန်တီးရာရောက်ပါတယ်။ ရေလုပ်ငန်းတွေကလည်း ပိုးသတ်ဆေးအပေါ် မှီခိုနေရပါတယ်။ အထူးသဖြင့် အာရှမှာပါ။ သစ်သီးပင်စိုက်တာလည်း ပိုးသတ်ဆေးကို မှီခိုနေရတယ်။ ပန်းသီးတွေ သစ်တော်သီးတွေ လိမ္မော်သီးတွေကို ရောဂါကနေ ကာကွယ်ဖို့ အတွက်ပေါ့။ ပြီးတော့ ခရီးသည်တစ်ယောက်က လေဆိပ်မှာ လက်ဆွဲအိတ်ကို လက်ကမ်းပေးသလို ဘက်တီးရီးယားတွေဟာ သူတို့ရဲ့ DNAကို လွှဲပေးလို့ရတာမို့၊ ဒီဆေးယဉ်ပါးခြင်းကို ဖြစ်တည်အောင် လုပ်ပေးလိုက်တာနဲ့ အမျှ ဒါက ဘယ်ကို ရောက်မလဲဆိုတာ မသိနိုင်ပါဘူး။ ဒါက ခန့်မှန်းလို့ရခဲ့ပါတယ်။ တကယ်တော့ ဒါကို Alexander Fleming က ခန့်မှန်းခဲ့ပါတယ်။ ပင်နီဆင်လင်ကို တွေ့ရှိခဲ့တဲ့လူပေါ့။ အသိအမှတ်ပြုခံရတဲ့အနေနဲ့ ၁၉၄၅ မှာ နိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ ဆုရပြီးနောက် အင်တာဗျူးတစ်ခု သူဒါကို ပြောခဲ့တာပါ။ "ပင်နီဆီလင်ကုထုံးနဲ့ ဆော့ကစားနေတဲ့ ဆင်ခြင်တုံတရားမဲ့ လူတစ်ယောက်ဟာ ပင်နီဆီလင်ဆေးယဉ် ပိုးကြောင့် သေဆုံးသွားတဲ့လူအပေါ် အကျင့် စာရိတ္တအရ တာဝန်ရှိပါတယ်။" သူဆက်ပြောထားတယ်။" ဒီမကောင်းဆိုးဝါးကို ပပျောက်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်။" ကျွန်မတို့ ဒါကို ပပျောက်နိုင်မလား။ စူပါပိုးတွေ တစ်ခါမှ မတွေ့ကြုံဖူးတဲ့ ပိုးသတ်ဆေးတွေ စမ်းသပ်ထုတ်နေတဲ့ ကုမ္ပဏီတွေရှိပါတယ်။ ကျွန်မတို့ အဲဆေးတွေကို အရမ်းဘဲ လိုအပ်ပါတယ်။ ပြီးရင် ကျွန်မတို့ မက်လုံးတွေလိုပါတယ်။ တွေ့ရှိမှုအတွက် ဆုငွေတွေ၊ သက်တမ်းတိုးမှု ပိုင်ခွင့်တွေ၊ ချီးမြှင့်ဆုတွေ တစ်ခြားကုမ္ပဏီတွေကို ပိုးသတ်ဆေးပြန်ထုတ်အောင် ဆွဲဆောင်ဖို့အတွက်ပါ။ ဒါပေမဲ့ ဒါက လုံလောက်မှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဇီဝဆင့်ကဲဖြစ်စဉ်က အမြဲတမ်းအနိုင်ရလို့ပါ။ ဘက်တီးရီးယားတွေ မိနစ် ၂၀ တိုင်း မျိုးဆက်သစ်တစ်ခု ပွားတယ်။ ဆေးဝါးဓာတုဗေဒအတွက် ဆေးအသစ်ထုတ်ဖို့ ၁၀ နှစ်ကြာပါတယ်။ ကျွန်မတို့ ပိုးသတ်ဆေးတစ်ခု သုံးလိုက်တဲ့ အချိန်တိုင်း ကျွန်မတို့ တည်ဆောက်ခဲ့တဲ့ အကာအကွယ်တွေကို ဖြိုခွဲဖို့ ဘက်တီးရီးယားတွေကို သန်း ထောင်ပေါင်း အခွင့်အရေးပေးလိုက်တာပါပဲ။ သူတို့ မနိုင်တဲ့ ဆေးဆိုတာ မရှိသေးပါဘူး။ ဒါကတော့ အချိုးမကျတဲ့ စစ်ပွဲတစ်ခုပါ။ ဒါပေမဲ့ ကျွန်မတို့တွေ ရလဒ်ကို ပြောင်းလဲနိုင်ပါတယ်။ ကျွန်မတို့တွေ အချက်အလက်တွေ သိမ်းဆည်းတဲ့ စနစ်ကို တည်ဆောက်လို့ရပါတယ်။ ပိုးသတ်ဆေးကို ဘယ်လိုသုံးနေတယ်ဆိုတာကို အတိအကျနဲ့ အလိုအလျောက်ပြောဖို့အတွက်ပါ။ ကျွန်မတို့ ဆေးဝါးထားသိုစနစ်မှာ ဂိတ်စောင့်စနစ်ဆောက်နိုင်ပါတယ်။ ဒါမှသာ ဆေးညွှန်စာတိုင်း တစ်ဖန်ပြန်စစ်ဆေးခံရမှာပါ။ စိုက်ပျိုးရေးတွေ ပိုးသတ်ဆေးသုံးတာ ရပ်တန့်ဖို့ လိုအပ်နိုင်ပါတယ်။ ကျွန်မတို့ စောင့်ကြည့်စနစ်ကို တည်ဆောက်နိုင်ပါတယ်။ နောက်ဆေးယဉ်ပါးမှု ဘယ်မှာပေါ်နေပြီဆိုတာ ကျွန်မတို့ကို ပြောဖို့ပေါ့။ အဲဒါတွေကတော့ နည်းပညာနည်းလမ်းတွေပါ။ ဒါပေမဲ့ အဲဒါတွေက မလောက်ပါဘူး ကျွန်မတို့ ပါဝင် မကူညီရင်ပေါ့။ ပိုးသတ်ဆေးယဉ်ပါးတဲ့ဆိုတာ အကျင့်တစ်ခုလိုပါပဲ။ အကျင့်တစ်ခုကို ပြောင်းဖို့ ဘယ်လောက် ခက်လဲဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ လူမှုအဖွဲ့တစ်ခုအနေနဲ့ အရင်တုန်းက ကျွန်မတို့ အဲဒါကို လုပ်ခဲ့ပြီးပြီလေ။ လူတွေ လမ်းပေါ်အမှိုက်ပစ်လေ့ရှိတယ်။ ကားစီးရင် ခါးပတ်မပတ်ကြဘူး။ ပုဂ္ဂလိက အဆောက်အအုံတွေထဲမှာ ဆေးလိပ်သောက်လေ့ရှိတယ်လေ။ ကျွန်မတို့ ဒါတွေကို ဆက်မလုပ်တော့ပါဘူး။ ကျွန်မတို့ ပတ်ဝန်းကျင်ညစ်ညမ်းအောင် ဒါမှမဟုတ် ဆိုးရွားတဲ့ ယာဉ်တိုက်မှုမျိုးဖြစ်အောင် ဒါမှမဟုတ် အခြားသူကို ကင်ဆာရအောင် မလုပ်တော့ပါဘူး။ အကြောင်းကတော့ အဲဒီအရာတွေက တန်ကြေးရှိတယ် ဖျက်ဆီးရာရောက်တယ် ကျွန်မတို့အတွက် အကျိုးမရှိလို့လေ။ ဒါကြောင့် ကျွန်မတို့တွေ လူမှုဓလေ့ကို ပြောင်းခဲ့ပါတယ်။ ပိုးသတ်ဆေးအသုံးပြုတာနဲ့ ပတ်သတ်ပြီးလည်း လူမှုဓလေ့ကို ကျွန်မတို့ပြောင်းလဲနိုင်ပါတယ်။ ပိုးသတ်ဆေးယဉ်ပါးမှု အတိုင်းအတာ ကြီးမားလွန်းတယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ရှင်သာ ရာသီဥတု ဖောက်ပြန်တာနဲ့ပတ်သတ်ပြီး စိုးရိမ်လို့ စွမ်းအင်ချွေတာမီးသီး ဝယ်တယ် ဒါမှမဟုတ် စာအုန်းဆီကြောင့် သစ်တော ပြုန်းတီးတဲ့အကြောင်းတွေးမိလို့ ဘီစကွတ်ဘူး အညွှန်း စာကိုဖတ်ကြည့်တယ်ဆိုရင် ကြီးမားတဲ့ပြဿနာကို ဖြေရှင်းဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလို့ရတဲ့ ခံစားချက်ကို ရှင်သိပြီးသားပါ။ ပိုးသတ်ဆေးအသုံးပြုမှုအတွက် ကျွန်မတို့ အဲဒီလို ခြေလှမ်းတွေလှမ်းနိုင်ပါတယ်။ ကျွန်မတို့ မသေချာရင် မသင့်လျော်တဲ့ ပိုးသတ်ဆေးပေးတာ ရှောင်ကြဉ်နိုင်ပါတယ်။ ကျွန်မတို့ ကလေးနားပြည်ယိုတာ ဘာကြောင့်ဖြစ်လဲဆိုတာမသိခင် ဆေးညွှန်းပေးခိုင်းတာမျိုး ရှောင်ကြဉ်နိုင်ပါတယ်။ ကျွန်မတို့ စားသောက်ဆိုင်တိုင်း ကုန်တိုက်တိုင်းကို သူတို့ အသားတွေ ဘယ်ကလာလဲဆိုတာ မေးနိုင်ပါတယ်။ ကျွန်မတို့ အချင်းချင်း နောက် ပိုးသတ်ဆေးပုံမှန်သုံးပြီး မွေးမြူ၊ စိုက်ပျိုးထားတဲ့ ကြက်သား၊ ပုဇွန်၊ အသီးတွေကို မဝယ်ဖို့ ကတိတည်နိုင်ပါတယ်။ ပြီးရင် ကျွန်မတို့ ဒါတွေကိုသာ လုပ်ရင် ပိုးသတ်ဆေးခေတ်အလွန်ကမ္ဘာ အရောက်ကို နှေးအောင်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ကျွန်မတို့ မကြာခင်လုပ်ရပါမယ်။ ပင်နီဆီလင်က ၁၉၄၁ မှာ ပိုးသတ်ဆေးခေတ်ကာလကို စတင်ခဲ့ပါတယ်။ နှစ် ၇၀ အတွင်းမှာဘဲ ကျွန်မတို့ ဒီ ကပ်ဘေးအစွန်နားလေးကို လျှောက်လှမ်းလို့လာခဲ့ပါပြီ။ ကျွန်မတို့ ဒီပြဿနာကနေ လွတ်မြောက်ဖို့ အနှစ် ၇၀ ပြန်ရမှာမဟုတ်ပါဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။ (လက်ခုပ်သံများ)