ဗစ်စ်တိုးရီယားခေတ် လန်ဒန်ရဲ့ မြူတွေပိတ်ဆီးနေတဲ့ ဓာတ်မီးရောင် လမ်းတွေထဲမှာ ပထမဆုံး ပေါ်ထွက်လာပြီး ရာစုနှစ်တစ်ခုကျော်အကြာမှာ Sherlock Holmes ကို ကမ္ဘာအနှံ့မှာ သိမှတ်နိုင်ကြပါပြီ။ သူ့အဝတ်အစားနဲ့ အသုံးအဆောင်တွေတောင် အထင်ကရဖြစ်နေတယ်။ အပေါ်ဝတ်ရုံရှည်၊ အမဲလိုက် အဝတ်ဦးထုပ်ပျော့၊ ကာလာဘတ်ရှ် ဆေးတံနဲ့ သူ့ရဲ့ အခင်ဆုံးမိတ်ဆွေနဲ့ အတူနေသူ Doctor Watson နဲ့ အဓိက ရန်ဘက် Moriarty ၊ အိမ်ဖော် Mrs. Hudson လို ပုဂ္ဂိုလ်တွေဟာ အများကြိုက် အသိစိတ်ရဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့တယ်။ ဥပဒေအကျိုးအတွက် အသုံးချခဲ့တဲ့ သူ့ရဲ့ ထူးခြားပြီး မမှားနိုင်တဲ့ ကောက်ချက် အစွမ်းတွေ၊ နာမည်ဆိုးနဲ့ကျော်တဲ့ ဆေးသုံးစွဲမှု၊ သူ့ရဲ့ အများကြိုက် သုံးနေကျစကားလုံးတွေ "အလွယ်လေးပါ၊ Watson ရာ" လိုပါ။ ဒါပေမဲ့ သူ့ရဲ့အမှတ်မိနိုင်ဆုံး အင်္ဂါရပ်တွေက Arthur Conan Doyle ရဲ့မူရင်း ဇာတ်လမ်းတွေမှာ မပါပါဘူး။ Doyle ရဲ့ ပြောင်မြောက်တဲ့ စုံထောက်ကြီးဟာ ရာဇဝတ်မှုတွေကို ဆင်ခြင်မှုသုံးတာတင်မက နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းတယ်။ သုံးသပ်ပြီး တစ်ခါတစ်ရံ မှန်းဆမှုတွေတောင် လုပ်တော့ မကြာခဏ ယူဆချက်အမှားတွေ လုပ်တယ်။ ဒါ့အပြင် Mrs. Hudson ဆိုတာက ဖော်ပြထားရုံသက်သက်ပါ။ "အလွယ်လေးပါ၊ Watson ရေ" လို့ တစ်ယောက်မှ မပြောပါ။ စုံထောက်နဲ့ သူ့ရဲ့ လက်ထောက်ဟာ အချိန်အတော်များများ သီးခြားနေကြတယ်။ လူဆိုးကြီး Moriarty ဟာ ဇာတ်လမ်း နှစ်ပုဒ်ထဲမှာသာ ပါတာပါ။ စုံထောက်ရဲ့ မူယစ်ဆေး သုံးစွဲမှုက ပထမ ဝတ္ထုနှစ်အုပ်နောက်ပိုင်း တွေ့ရခဲတယ်။ Holmes ဟာ အင်္ဂလိပ် တရားရေး စနစ်ကို မနှစ်သက်သလောက်ပါ။ ဥပဒေကို တစ်သဝေမသိမ်း လိုက်နာဖို့ထက် သူ့ကိုယ်ပိုင် သဘာဝ တရားစီရင်မှုကို လုပ်ဆောင်ခြင်းကို အများကြီး ပိုလိုလားတယ်။ နောက်ဆုံး Holmesian ထုံးဟောင်းပုံပြင်ရဲ့ အထင်ကရအရိပ်အယောင်များစွာဟာ Doyle ရဲ့ အရိပ်အေယာင်တွေလည်း မဟုတ်ဘူး။ အမဲလိုက် ဦးထုပ်ပျော့နဲ့ ဝတ်ရုံရှည်ဟာ ဇာတ်လမ်းရဲ့ ကနဦး သရုပ်ဖော် ပန်းချီဆရာ Sidney Paget က ပထမဆုံး စိတ်ကူးပုံဖော်ခဲ့တာပါ။ ကွေးနေတဲ့ ဆေးတံက အမေရိကန် သရုပ်ဆောင် William Gillette က စင်ပေါ်မှာ သူ့မျက်နှာကို ပရိသတ်တွေ ပိုရှင်းရှင်း မြင်နိုင်အောင် ရွေးချယ်ခဲ့တာဖြစ်ပြီး "အလွယ်လေးပါ၊ Watson ရေ" ဆိုတဲ့ စကားစုက စာရေးဆရာနဲ့ ဟာသသမား P.G. Wodehouse က ထွင်သုံးခဲ့တာပါ။ ဒီတော့ Sherlock Holmes အတိအကျက ဘယ်သူလဲ။ တကယ့် စုံထောက်ကြီးက ဘယ်သူလဲ။ ဘယ်နေရာမှာ သူ့ကို ရှာတွေ့နိုင်မလဲ။ စာပေ ထုံးမီစံကျ ထိန်းသိမ်းလိုတွေက မူလ Sherlock ကို စေ့ဆော်ပေးခဲ့တဲ့ Arthur Conan Doyle ရဲ့ တက္ကသိုလ် ဂုရု Dr. Joseph Bell ဟာ အစစ်အမှန်လို့ ဖြေလောက်တယ်။ ဒါပေမဲ့ Sherlock ဟာ အဆမတန်များတဲ့ အဓိပ္ပာယ် ကောက်ယူမှုကြောင့် အဓိကအားဖြင့် ညှိုးမှိန်သွားခဲ့တယ်ဆိုတဲ့ အချက်က Doyle ရဲ့ စုံထောက်ကို အဓိကအားဖြင့် မမှတ်မိနိုင်အောင် ဖြစ်ကျန်စေတယ်။ ဒီတော့ နောက်ထပ် ပိုရှုပ်ထွေးပေမဲ့ ဒီမေးခွန်းကို ဖြေဖို့ ပိုစိတ်ကျေနပ်စရာ ဖြစ်လောက်တယ်။ ဒါပေမဲ့ ဒီကိုရောက်ဖို့ စုံထောက်ကြီး အကြောင်းအဓိပ္ပာယ်ကောက်ယူမှု ဧရာမအစုအဝေးကို ပထမဆုံး ထည့်သွင်းစဉ်းစာရမှာပါ။ ၁၈၈၇ ခုနှစ် Conan Doyle ရဲ့ ပထမဆုံး ဇာတ်လမ်းကတည်းက Holmes ရဲ့ ထောင်ချီတဲ့ ဆီလျော်အောင် ပြင်ဆင်မှုတွေ ရှိခဲ့တာက ကမ္ဘာမှာ အများဆုံး ဆီလျော်အောင်ပြင်တဲ့ စိတ်ကူးယဉ် ဇာတ်ကောင်လို့ ဆိုနိုင်တယ်။ လုပ်ငန်းစဉ်က Victorian စင်မြင့် ဆီလျော်အောင် ပြုပြင်ခြင်းတွေနဲ့ စခဲ့ပြီး ရုပ်ရှင်ပေါ်လာမှုနဲ့ အရှိန်မြင့်သွားတယ်။ Holmes ရဲ့ ရုပ်ရှင်အဖြစ် ပြောင်းလဲမှုတွေက ၂၀ ရာစု တစ်စုတည်းရဲ့ ပထမ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ ၁၀၀ ကျော်ရှိခဲ့တယ်။ အဲဒီကတည်းက နောက်ထပ် ထောင်များစွာချီတဲ့ ပုံနှိပ်မှု၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား၊ စင်မြင့်နဲ့ ရေဒီယိုတွေမှာ ရှိခဲ့တယ်။ နေရာတိုင်းမှာ လူတွေက Holmes ကို မှတ်လောက်ဖွယ် ခြားနားပြီး မကြာခဏတော့ ဆန့်ကျင်ဘက် နည်းလမ်း တွေနဲ့ ပြန်အဓိပ္ပာယ်ကောက်ယူကြတယ်။ ဒီဆီလျော်အောင် ပြင်ဆင်မှုတွေက Holmes ရဲ့ လူကြိုက်များမှုနဲ့ သူ့ရဲ့ ပုံသွင်းလွယ်မှုကို ထင်ရှားစေတယ်။ ဥပမာအနေနဲ့ သူဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်ဖွဲ့ထားတဲ့ နာဇီဆန့်ကျင်ရေး ရုပ်ရှင် အတော်များများမှာ ပါဝင်ခဲ့တယ်။ Winston Churchill နဲ့ Franklin Delano Roosevelt နှစ်ဦးစလုံး စိတ်ထက်သန်တဲ့ ဝါသနာအိုးတွေဖြစ်ခဲ့ပြီး ဒုတိယ ပုဂ္ဂိုလ်ဆို Holmes ကို နှစ်ခြိုက်တဲ့ အဖွဲ့အစည်းတစ်ခု Baker Street Irregulars မှာတောင် ပါဝင်ခဲ့ပြီး ထောက်လှမ်းရေး ဌာနတစ်ခုကို ပုန်းခိုရာ Baker Street လို့ နာမည်ပြောင်ပေးခဲ့တယ်။ နောက်ရှိသေးတာက တစ်ချိန်တည်းမှာပဲ Holmes ဟာ အမျိုးမျိုးသော ဂျာမန်ဘာသာနဲ့ ရိုက်တဲ့ ရုပ်ရှင်တွေမှာလည်း ပါလာတယ်။ တချို့ဟာ Adolf Hitler အတော့ကို နှစ်သက်တဲ့ အကြိုက်ဆုံးတွေ ဖြစ်ခဲ့တယ်လို့ ဆိုကြတယ်။ ဒီတော့ ကျုပ်တို့ မေးခွန်းဆီ ပြန်သွားရအောင်။ Sherlock Holmes အစစ်ဟာ ကျုပ်တို့ ရှေ့မှာ မတ်တတ်ရပ် ပေါ်လာမလား။ အမှန်က ဒီဆီလျော်အောင် ပြပြင်မှု လောကက သူ့ကို ပြင်ထားတဲ့ နှောင်းမူဖြစ်စေတာပါ။ Sherlock ဟာ ယဉ်ကျေးမှု စာသားတစ်ခုပါ၊ ဒါကို ဆက်လုပ်ထားတာတွေအပေါ် အဓိပ္ပာယ် ကောက်ယူမှု အသစ်တိုင်းက ထပ်ဆင့်လာတော့ ကြာတော့ အထပ်ထပ် ပြောင်းသွားတယ်။ ဆိုလိုတာက Sherlock ဟာ ထပ်တလဲလဲ ပြောင်းလဲတယ်၊ ပုံဖော်ထားတဲ့စိတ်ကူးတွေနဲ့ တန်ဖိုးတွေက Conan Doyle.မှာ တွေ့ရတာတွေကနေ မကြာခဏ အလွန်အကျွံ ဖယ်ရှားခံရတာပါ။ ထူးခြားတဲ့ ဇာတ်လမ်း တစ်ခုဖြင့် ဆုံးသွား တဲ့နောက်မှာ Sherlock ပြန်ပေါ်လာတယ်၊ မျက်နှာသစ် တစ်ခု၊ ဟန်အမူအရာအသစ်တွေ (သို့) စကားစု အလှည့်အပြောင်းတွေနဲ့ နည်းနည်း ပြောင်းကောင်းပြောင်းပေမဲ့ အခြေခံအရ Sherlock ကတော့ ကျုပ်တို့ရဲ့ Sherlock ဖြစ်နေဆဲပါ။