ကျနော် ပြောချင်တဲ့ ဇာတ်လမ်းက ဒီနှစ်ယောက်နဲ့ စတင်ခဲ့တယ်-- ကျွန်တော့ ကလေးတွေပါ။ Oakland တောတွေမှာ ခြေလျင်ခရီး ထွက်နေတုန်း ချောင်းထဲမှာ ကြောင်အိမ်သာ အတွက် သုံးတဲ့ဘူးကို တွေ့လိုက်တယ်။ သူက ကျွန်တော့ဆီကို ကြည့်ရင်း၊ “ဖေဖေ တွေ့လား။ ဒါ ဒီမှာ မရှိသင့်တဲ့ဟာပဲ။” သူ ဒီလို ပြောလိုက်တော့ နွေရာသီစခန်းကို သတိရမိတယ်။ သူတို့ဆီ သွားလည်တဲ့ နံနက်တွင်၊ စိုးရိမ်နေကြတဲ့ မိဘတွေ ဂိတ်ဝတွေကို ဖြတ်ပြီး ထွက်လာနေချိန်မှာ၊ စခန်း ညွှန်ကြားရေးမှူးက၊ “လူတိုင်း ခပ်မြန်မြန် အမှိုက် ငါးခုကောက်ယူကြပါ။” အဲဒီမှာ ကလေးတွေ နှစ်ရာလောက် ရှိနေတော့ ငါးခုစီ ကောက်လိုက်ရင်၊ မကြာမီမှာပဲ စခန်းဟာ များစွာမှ ပိုသန့်ရှင်းလာမှာပေါ့။ အဲဒါနဲ့ ကျွန်တော် တွေးမိတာက၊ အမှိုက်ရှင်းရေး အဲဒီလို လူအုပ်စုနည်းကို တစ်ကမ္ဘာလုံးအတွက် သုံးလိုက်ရင်ကော။ အဲဒါကမှ Litterati ကို စပြီး လှုံ့ဆော်ပေးလိုက်တာပါ။ အမှိုက်မဲ့ ကမ္ဘာကြီး ဖန်တီးရေး အမြင်ပါ။ စလုပ်ကိုင်ခဲ့ပုံကို ပြပေးပါရစေ။ ကျွန်တော်ဟာ Instagram ကို သုံးပြီး စီးကရက်ကို ဓာတ်ပုံရိုက်လိုက်တယ်။ အဲဒီနောက် နောက် ပုံကို ရိုက်ခဲ့တယ်... နောက် တစ်ပုံ... နောက် တစ်ပုံ။ ကျွန်တော် သတိထားမိတဲ့ နှစ်ချက်က- တစ်ချက်က၊ အမှိုက်ဟာ အနုပညာ ပစ္စည်း ဖြစ်လာပြီး ချဉ်းကပ်လို့ ရလာတယ်၊ ဒုတိယ အချက်က၊ ရက်အနည်းငယ် ကြာတော့၊ ကျွန်တော် ဖုန်းထဲမှာ ပုံ ၅၀ ရှိနေပြီး အမှိုက်တိုင်းကို ကျွန်တော် ကောက်ယူခဲ့တယ်၊ အဲဒါဟာဖြင့် ဂြိုဟ်ကြီးအား အကောင်းဘက်မှ အကျိုးသက်ရောက်စေခဲ့တာရဲ့ မှတ်တမ်းကို ကျွန်တော် ပြုစုနေခြင်း ဖြစ်လာတယ်။ ခင်ဗျားတို့ အားလုံး မြင်နိုင်ခဲ့ကြတာ၊ ခင်ဗျားတို့ ခြေနဲ့ နင်းမိနိုင်တာ၊ ငှက်တွေ စားမိနိုင်တာထက် ၅၀ နည်းလာတယ်။ အဲဒါနဲ့ ကျွန်တော် လုပ်နေတာကို လူတွေကို ပြောပြလာတယ်။ သူတို့လည်း အဲဒီထဲ လိုက်ပါလာကြတယ်။ တစ်နေ့တွင်၊ ဒီပုံကို တရုတ်နိုင်ငံမှ ပြလာတယ်။ အဲဒီကျမှ Litterati ဟာ လှပတဲ့ ပုံတွေထက် ပိုအရေးပါတာကို ကျွန်တော် နားလည်လိုက်တယ်၊ ကျွန်တော်တို့ဟာ ဒေတာကို စုစည်းပေးတဲ့ အသိုက်အဝန်း ဖြစ်လာပါတယ်။ ဓာတ်ပုံတိုင်း ပုံပြင် တစ်ခုစီကို ပြောပြတယ်။ ဘယ်သူက ဘာကို ကောက်ယူလိုက်တယ်၊ ဘူမိတံဆိပ်က ဘယ်မှာ ဖြစ်ခဲ့တယ်၊ အချိန်တံဆိပ်ကျတော့ အချိန်ကို ပြတယ်။ အဲဒါနဲ့ ကျွန်တော်ဟာ Google ကို ရေးဆွဲလိုက်တယ်၊ အမှိုက်တွေ ကောက်ယူခဲ့တဲ့ နေရာတွေကို အဲဒီပေါ်ကို တင်ပေးလာတယ်။ အဲဒီလုပ်ငန်းစဉ်ကနေပြီး အသိုက်အဝန်းဟာ ကြီးကြီးလာတယ်၊ ဒေတာလည်း ကြီးထွားလာခဲ့တယ်။ ကျွန်တော့ ကလေး နှစ်ယောက် ကျောင်းကို သွားတိုင်း မျက်လုံးပြူးကြီးနဲ့။ အမှိုက်ဟာ- ကျွန်တော်တို့ ဘဝရဲ့ နောက်ခံထဲမှာ ရောယှက် နေရာယူတတ်တယ်။ အဲဒါကို ရှေ့တန်းကို တင်ပေးလိုက်မယ် ဆိုရင်ကော။ ကျွန်တော်တို့ရဲ့ လမ်းတွေပေါ်မှာ၊ လမ်းဘေးမှာ၊ ကျောင်းဝင်းထဲမှာ ဘာတွေ ရှိနေတာ သိသင့်ပါတယ်။ အဲဒီ ဒေတာကို သုံးပြီး ပြောင်းလဲလာအောင် ဘယ်လိုများ သုံးနိုင်မလဲ။ ကျွန်တော ပြပေးပါရစေ။ ပထမအနေနဲ့ မြို့တွေပါ။ San Francisco က အမှိုက်တွေထဲမှာ စီးကရက်ရဲ့ ရာခိုင်နှုန်းကို သိချင်ခဲ့တယ်။ ဘာအတွက်ကြောင့်လဲ။ အခွန်သစ်ကို ဖန်တီးဖို့ပါ။ ဒါနဲ့ သူတို့ဟာ လူနှစ်ယောက်ကို လမ်းတွေမှာ ချထားလျက် ခဲတံနဲ့ မှတ်စုစာအုပ်နဲ့ လျှောက်ကြည့်ရင်း အချက်တွေကို စုစည်းဖို့ပါ၊ အဲဒါနဲ့ စီးကရက် ရောင်းရသမျှအပေါ် အခွန် ၂၀ % ပေးလာရတယ်။ ဒါပေမဲ့ သူတို့ကို စီးကရက် ကုမ္ပဏီကြီးတွေက တရားစွဲလာကြတယ်၊ ခဲတံနဲ့ မှတ်စုစာအုပ်ဖြင့် အချက်အလက် ကောက်ခံမှုဟာ မတိကျဘူး၊ သက်သေထူလို့ မရနိုင်ဘူးလို့ ဆိုကြတယ်။ မြို့က ကျွန်တော့ကို ဖုန်းဆက်ပြီးကျွန်တော့ နည်းပညာ ကူနိုင်မလား မေးတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာဟာ Instagram အကောင့် ဖြစ်တာ သူတို့ သိမသိ မသေချာပါ။ (ရယ်မောသံများ) ဒါပေမဲ့၊ “ဟုတ်ကဲ့၊ ကူနိုင်တယ်။” (ရယ်မောသံများ) “ပြီးတော့ အဲဒါဟာ Parliament လား၊ ဒါမှမဟုတ် Pall Mall လား ပြောနိုင်မယ်။ အဲဒါ့အပြင်၊ ဓာတ်ပုံတိုင်းမှာ ဘူမိတံဆိပ်နဲ့ အချိန် တံဆိပ်တောင် ပါဦးမယ်၊ အဲဒါက သက်သေ အထောက်အထားပဲ။” လေးရက်အကြာတွင်၊ အမှိုက် ၅၀၀၀ နဲ့အတူ ကျွန်ုပ်တို့ရဲ့ ဒေတာကို တရားရုံးမှာ သုံးခဲ့ကာ အခွန်ကို ကာကွယ်နိုင်ခဲ့ရုံသာမက အခွန်ကို နှစ်ဆတိုးနိုင်ခဲ့လို့ နှစ်စဉ် အခွန် ဒေါ်လာ လေးသန်း ရလာရာ San Francisco ရဲ့ သန့်ရှင်းမှုအတွက် သုံးနိုင်တယ်။ အဲဒီ ရုံးတင်ကြားနာမှု အတွင်းမှာ ကျွန်တော် နှစ်ချက် နားလည်လာတယ်- Instagram ဟာ မှန်ကန်တဲ့ ကိရိယာ မဟုတ်ဘူး-- (ရယ်မောသံများ) အဲဒါကြောင့် ကျွန်ုပ်တို့ အက်ပ်ကို တီထွင်ရတယ်။ နောက်တစ်ချက်က၊ စဉ်းစားကြည့်ရင်၊ ကမ္ဘာကြီးထဲက မြို့တိုင်းဆီမှာ သူများနဲ့မတူတဲ့ လက်ဗွေလိုဟာ ရှိတယ်၊ ပြီးတော့ လက်ဗွေဟာ ပြဿနာရဲ့ ဇာတ်မြစ်ကို ထောက်ပြပေးသလို အဖြေကိုပါ ဖေါ်ပြပေးတယ် ဆိုတာပါ။ စီးကရက်ရဲ့ ရာခိုင်နှုန်းကို သိရုံနဲ့ အခွန် ရရှိလာအောင် လုပ်နိုင်တယ်ဆိုရင်၊ ကော်ဖီခွက်တွေ ဒါမှမဟုတ် ဆိုဒါဘူးတွေ ဆိုရင်ကော၊ ပလပ်စတစ် ပုလင်းတွေကော။ ခုနကလို San Francisco ရဲ့ လက်ဗွေကို ရခဲ့သလို Oakland ဒါမှမဟုတ် Amsterdam ဒါမှမဟုတ် ကိုယ့်အိမ်နဲ့ ပိုနီးတဲ့ မြို့အတွက် ဆိုရင်ကော။ ပြီးတော့ ကုမ္ပဏီကြီးတွေကော။ ဒီဒေတာကို သူတို့ရဲ့ ပတ်ဝန်းကျင် နဲ့ စီးပွားရေး ဆိုင်ရာ အကျိုးစီးပွားများအတွက် ဘယ်လိုများ သုံးနိုင်ကြမလဲ။ Oakland မြို့လယ်ကောင်မှာ အမှိုက်တွေနဲ့ ပြည့်နေတဲ့ နေရာရှိတယ်။ Litterati အသိုက်အဝန်းဟာ အတူတူ သွားပြီး အမှိုက် ၁၅၀၀ ကို ကောက်ခဲ့ကြတယ်။ အဲဒီကနေ ကျွန်ုပ်တို့ သိလာတာ- အမှိုက် အများစုဟာ နာမည်ကြီး taco တံဆိပ်ဆီက ဖြစ်တယ်။ အဲဒီတံဆိပ်ပါ အမှိုက် အများစုဟာ သူတို့ရဲ့ ဆော့ထုပ်တွေပါ၊ ပြီးတော့ ဆော့ထုပ် အများအပြားကို ဖွင့်တောင် မဖွင့်ရသေးဘူး။ ပြဿနာ နဲ့ ဖြေရှင်းရေး နည်းလမ်းက-- အဲဒီတံဆိပ်အနေနှင့် လူတွေ တောင်းမှသာ ဆော့တွေကို ထုတ်ပေးရန် ဒါမှမဟုတ် လူတွေ ယူနိုင်ဖို့ ချပေးထားရန်၊ ဒါမှမဟုတ် ပိုပြီး လက်တွေ့ကျတဲ့ အထုပ် စီစဉ်ပေးဖို့ပါ။ ကုမ္ပဏီကြီး တစ်ခုအနေနဲ့ ပတ်ဝန်းကျင် အန္တရာယ်ကို ယူပြီး စီးပွားရေး တွန်းအားအဖြစ် ပြောင်းလဲပစ်ဖို့ လုပ်ငန်းထဲက ဟီရိုး ဖြစ်လာဖို့ ဘာလုပ်ရမလဲ။ ကျွန်ုပ်တို့က အပြောင်းအလဲကို ဖန်တီးချင်လိုရင်၊ ကျွန်ုပ်တို့ရဲ့ ကလေးတွေထက် ပိုပြီး ကောင်းတဲ့ နေရာ မရှိပါ။ ငါးတန်း ကျောင်းသား တစ်စုဟာ သူတို့ရဲ့ ကျောင်းဝင်းထဲမှာကို အမှိုက် ၁၂၄၇ ခုကို ရှာနိုင်ခဲ့ကြတယ်။ ပြီးတော့ သူတို့ရဲ့ အမှိုက်တွေထဲမှာ အများဆုံး တွေ့ရတဲ့ အမှိုက်က ကျောင်း စားသောက်ဆိုင်မှ စုပ်တံကို ထုပ်တဲ့ ပလပ်စတစ်ပဲ။ အဲဒါနဲ့ ကလေးတွေက ကျောင်းအုပ်ကြီး ကို မေးကြတယ်၊ “ကျွန်ုပ်တို့ အခုထက်ထိ စုပ်တံတွေကို ဝယ်နေကြတာ ဘာကြောင့်လဲ။” သူတို့ ရပ်လိုက်ကြပြီ။ ပြီးတော့ သူတို့ တစ်ဦးချင်း တစ်ခုခု ပြောင်းလဲအောင် လုပ်နိုင်ပေမဲ့၊ အတူတူ လုပ်တော့ အကျိုးသက်ရောက်မှု ပိုရှိလာတာ သိလာကြတယ်။ ကိုယ်က ကျောင်းသားလား၊ သိပ္ပံပညာရှင်လား၊ ကိုယ်နေတာက Honolulu ဒါမှမဟုတ် Hanoi မှာလား၊ အရေးမကြီးပါ။ ဒီလူ့အဖွဲ့အစည်းက လူတိုင်းအတွက်ပါ။ ကလေး နှစ်ယောက်က Northern California တောထဲတွင် စတင်လိုက်တာနဲ့ ဒါဟာ စလျက် တကမ္ဘာလုံးကို ပျံ့လာခဲ့ပါတယ်။ ဒါကို ဘယ်လို လုပ်နိုင်ခဲ့ကြတာလဲ။ တစ်ချိန်မှာ အမှိုက် တစ်ခုပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)