ကျွန်မက အချိန်ကို စီမံခန့်ခွဲမှု အကြောင်း ရေးတာကို လူတွေ သိလာတဲ့ အခါမှာ သူတို့ ထင်ကြတာ နှစ်မျိုးရှိပါတယ်။ ကျွန်မဟာ အမြဲတမ်း အချိန်မှီသူ ဖြစ်တယ်ပေါ့၊ အဲဒါ မဟုတ်မှန်ပါ။ ကျွန်မဆီမှာ ကလေးငယ် လေးယောက် ရှိတယ်၊ ကျွန်မ မကြာခဏ အချိန်မမှီမှုအတွက် သူတို့အပေါ် အပြစ်ဖို့ချင်ပါတယ်၊ တကယ်တော့ ရံဖန်ရံခါမှာ အဲဒါဟာ သူတို့ အပြစ် မဟုတ်ပါဘူး။ ကျွန်မဟာ အချိန်စီမံခန့်ခွဲမှု အကြောင်း ဟောပြောချက်ကို နောက်ကျခဲ့ဘူးတယ်။ (ရယ်သံများ) ကျွန်မတို့ အားလုံးဟာ ခဏအချိန်ယူပြီး အဲဒါကို ပြန်စဉ်းစားရန် လိုပါတယ်။ နောက်တစ်ခု သူတို့ ထင်ကြသေးတာက အချိန်ကို ဒီနေရာမှာ၊ ဟိုနေရာမှာ ချွေတာရန် အကြံတွေ ကျွန်မဆီမှာ တပုံကြီး ရှိတယ်။ မကြာခဏဆိုသလို မဂ္ဂဇင်းတွေထဲမှာ အဲဒီလို အကြံပေးရေးကြတာ တွေ့ရတယ်၊ သူတို့ရဲ့ စာဖတ်ပရိသတ်အား တစ်နေ့တွင် တစ်နာရီ အချိန်ပို ရှာနိုင်ရန် ရေးကြတယ်။ သူတို့ အဆိုက ကျွန်မတို့ဟာ နေ့စဉ် လုပ်ကိုင်စရာတွေထဲက နေပြီး နည်းနည်းစီ ချွေတာလျက် ပေါင်းယူရင်၊ ကောင်းတဲ့ အရာအတွက် အချိန်ကို ရယူနိုင်ကြမယ်ပေါ့။ ကျွန်မအတွက် ဒီကိစ္စတစ်ခုလုံးဟာ စိတ်ဝင်စား စရာ ကောင်းပေမဲ့၊ သူတို့ ကျွန်မကို ဖုန်းမဆက်ခင် သူတို့ တွေ့ရှိခဲ့တာတွေကို ကျွန်မက အရင် မေးကြည့်တတ်တယ်။ ကျွန်မ သိပ်ကြိုက်တဲ့ တချို့က- တချိန်လုံး ညာဖက်ကိုသာ ကွေ့ရမယ့် ခရီးစဉ်ကို အကြံပေးတာမျိုး-- (ရယ်သံများ) မိုက်ရိုဝဲ့ဗ်သုံးရာတွင် အလွန့်အလွန် တော်ဖို့ လိုတယ်- အဲဒီလိုဆိုရင် သုံးမိနစ်ခွဲ အချိန်ကို ချွေတာမိနိုင်တယ်တဲ့၊ အဲဒီလိုနည်းဖြင့် ကိုယ်လိုချင်တဲ့ နေရာ အရောက် သွားဖို့ပါ။ ကျွန်မကိုယ်တိုင် နည်းနည်းလေး အကျိုး ရှိလို့ အကြံပေးချင်တာက၊ ကိုယ့်အကြိုက်ဆုံး ရှိုးကို ဗီဒီယိုသွင်း ကြည့်လျက် ကြော်ငြာတွေ ကျော်ရန်ပါ။ အဲဒီလိုနည်းဖြင့် နာရီဝက်မှာ ရှစ်မိနစ် ချွေတာနိုင်မယ်၊ ဒီတော့ တီဗီ နှစ်နာရီ ကြည့်ရမယ့်အစား လေ့ကျင့်ခန်း လုပ်ဖို့ ၃၂ မိနစ် ရမယ်။ (ရယ်သံများ) အဲဒါ တကယ်ပါ။ လေ့ကျင့်ခန်း လုပ်ဖို့ ၃၂ မိနစ် ရှာတွေ့နိုင်တဲ့ နောက်တနည်း သိလား။ နေ့စဉ် တီဗီကို နှစ်နာရီ မကြည့်ရန်ပဲပေါ့။ (ရယ်သံများ) စိတ်ကူးက ဟိုနေရာမှာ ဒီနေရာမှာ အချိန်တွေကို ချွေတာလျက် ပေါင်းယူရန်ပါ၊ ကိုယ်လုပ်ချင်တဲ့ အရာတိုင်းအတွက် အချိန်ရမယ်ပေါ့။ ဒါပေမဲ့၊ အောင်မြင်တဲ့ လူတွေ အချိန် သုံးကြပုံကို လေ့လာကြည့်တော့ သူတို့ရဲ့ အချိန်ဇယားကို တစ်နာရီစီ လေ့လာကြည့်တော့၊ အဲဒီလို စိတ်ကူးဟာ လုံးဝ ခေတ်နောက်မှာ ကျန်ရစ်နေတာ တွေ့နိုင်တယ်။ ကျွန်မတို့ဟာ အချိန်ကို ချွေတာခြင်းဖြင့် ကိုယ့်ဘဝကို တည်ဆောက်ကြတာ မဟုတ်ပါ။ ကျွန်မတို့ဟာ ကျွန်မတို့ လိုချင်တဲ့ ဘဝမျိုးကို တည်ဆောက်ကြမယ်ဆိုရင် အချိန်ဟာ သူ့ဘာသာသူ ချွေတာမိမှာပါ။ ဆိုချင်တာက ဒီလိုပါ။ ကျွန်မဟာ မကြာမီတုန်းက သိပ်ကို အလုပ်များကြတဲ့ လူတွေရဲ့ ဘဝထဲက ၁၀၀၁ ရက်ကို လေ့လာခဲ့တဲ့ ဒိုင်ယာရီ စီမံကိန်း ပြီးသွားခဲ့တယ်။ သူတို့ဆီမှာ အလုပ်တွေ တပုံကြီးပါပဲ၊ သူတို့ရဲ့ ကိုယ်ပိုင် လုပ်ငန်း၊ ကလေးတွေကို ဒါမှမဟုတ် မိဘတွေကို စောင့်ကြည့်ရန်၊ ရပ်ကွက်ရေးရာများ၊ သိပ်ကို အလုပ်များတဲ့ သူတွေပါ။ သူတို့ကို တစ်ပတ်ကြာ သူတို့ လုပ်ကိုင်သမျှကို ရေးမှတ်ရန် မှာထားခဲ့လို့ သူတို့ အလုပ်လုပ်ကြပုံ အိပ်စက်ကြပုံ၊ သိလာနိုင်ကာ ကျွန်မစာအုပ်အတွက် သူတို့နဲ့ တွေ့ဆုံမေးခဲ့ပါတယ်။ လေ့လာခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ အချိန်စာရင်းထဲမှာ ဗုဒ္ဓဟူးညမှာ တစ်ခုခုအတွက် အပြင် ထွက်ခဲ့ရတယ်။ သူ အိမ်ကို ပြန်လာတော့ အပူပေးစနစ် ပျက်စီးသွားကာ တအိမ်လုံးမှာ အောက်ခြေအထိ ရေတွေနဲ့ စိုနေတာကို တွေ့လိုက်ရတယ်။ ရှင်တို့ တသက်လုံးမှာ အဲဒါမျိုး ကြုံခဲ့ဘူးရင်၊ အရမ်းကို စိတ်ညစ်စရာ နဲ့ ကြောက်စရာ ကောင်းတဲ့ အဖြစ်အပျက်ကြီးပါ။ အဲဒါနဲ့ သူမဟာ အဲဒီညရဲ့ နောက်ပိုင်းတွင် ချက်ချင်းဆိုသလို၊ ရေပိုက်သမားတွေကို နောက်တစ်နေ့ လာကြဖို့ အဲဒီနောက် တစ်ရက်မှာ ပျက်စီးသွားတဲ့ ကော်ဇော်ကို ပြင်မယ့် သူတွေ ခေါ်ရတယ်။ အားလုံးကို သူဟာ အချိန်နဲ့အတူ ရေးမှတ်ခဲ့တယ်။ အားလုံး ပြီးစီးရန် သူမရဲ့ အချိန် ခုနစ်နာရီ ကုန်သွားတယ်။ ခုနစ်နာရီကြီးတောင်။ အဲဒါဟာ တစ်ရက်တစ်ရက်မှာ အချိန်ပို တစ်နာရီ ရှာတွေ့သလိုပါ။ အဲဒီအပတ်ရဲ့ အစပိုင်းမှာ သူမကို၊ “အားကစား လျေ့ကျင့်ရန် ခင်ဗျား အချိန်ပို ၇ နာရီ ရှာနိုင်မလား” “လူ ၇ ယောက်ကို ဆုံးမပေးရန် အချိန်ပို ၇ နာရီ ရှာနိုင်မလား” လို့ မေးခဲ့ရင်၊ ကျွန်မတို့ အများစု ဖြေကြားကြမှာလိုပဲ “ကျွန်မ အလုပ်များတာ မတွေ့ဘူးလား၊ အချိန်မရှိဘူး”လို့ ဖြေခဲ့မှာ သေချာပါတယ်။ ဒါပေမဲ့ သူမ အိမ်အောက်ထပ်မှာ ရေတွေ ဝပ်နေလို့ ခုနစ်နာရီကို ရှာကိုရှာရမယ်ဆိုတော့၊ သူဟာ ရှာတွေ့နိုင်ခဲ့ပါတယ်။ အချိန်ဆိုတာ သိပ်ကို ပျော့ပျောင်းလို့ ရနိုင်တာကို အဲဒါက ပြနေတယ်။ ကျွန်မတို့ဟာ အချိန်ကို တိုးချဲ့လို့ မရနိုင်ပါ၊ ဒါပေမဲ့ ကျွန်မတို့က ရွေးလိုက်တဲ့ အရာအတွက် အချိန်ဟာ လိုသလို ဆွဲဆန့်သွားမှာပါ။ ဒီတော့ ခုနက အပူပေးစနစ် ပျက်စီးသွားတဲ့ အဖြစ်တုန်းကလိုပဲ အချိန်ကို စီမံခန့်ခွဲမှုဆိုတာက ကျွန်မတို့ရဲ့ ဦးစားပေးမှုတွေကို ကိုင်တွယ်ပုံပါပဲ။ အဲဒါကို ရှင်းပြရန်၊ ကျွန်မ မေးမြန်းခဲ့ဘူးတဲ့ အလုပ် အများဆုံး ပုဂ္ဂိုလ်ရဲ့ စကားလုံးတွေကို သုံးပါရစေ။ သူမဆီမှာ အလုပ်သအား ၁၂ ဦးရှိတဲ့ ကိုယ်ပိုင် လုပ်ငန်းရှိတဲ့ အပြင် ကလေး ခြောက်ယောက်နဲ့ အလုပ်များခဲ့သူပါ။ အဲဒါတွေ အားလုံးကို သူဘယ်လိုလုပ် ကိုင်တွယ်နိုင်တာလဲ ဆိုတာ တွေ့ဆုံမေးမြန်းကြည့်ရန် ရက်ချိန်း ရဖို့ ညှိနေခဲ့ရတယ်။ အဲဒါ ကြာသပတေး မနက်ပိုင်း ဖြစ်ခဲ့တာ မှတ်မိတယ်၊ သူမဟာ စကားပြောဖေါ်တောင် အချိန် မရှိခဲ့ပါ။ ဖြစ်တတ်တယ်လေ။ ဒါပေမဲ့ သူ ကျွန်မနဲ့ စကားမပြောနိုင်ခဲ့တာရဲ့ အကြောင်းရင်းက အပျော်ခြေလျင်ခရီး ထွက်နေခဲ့လို့ပါ၊ နွေဦးက အရမ်းကို သာယာနေခဲ့လို့ပါ၊ သူမဟာ အပျော်ခြေလျင် ခရီးထွက်လိုခဲ့တယ်။ အဲဒါက ကျွန်မကို ပိုလို့ကို စိတ်ဝင်စား လာစေခဲ့တယ်။ နောက်ဆုံးတွင် သူမနဲ့ တွေ့ဆုံခွင့် ရလိုက်တော့ သူမ ရှင်းပြခဲ့တယ်။ “Laura ရေ၊ ကျွန်မ လုပ်ကိုင်တဲ့ အရာတိုင်းဟာ၊ ကျွန်မ ဖြုန်းလိုက်တဲ့ မိနစ်တိုင်းဟာ ကျွန်မရဲ့ ရွေးချယ်မှုပါပဲ။” ဒီတော့ “ကျွန်မဆီမှာ x, y (သို့) z လုပ်ဖို့ အချိန်မရှိဘူး“လို့ ပြောမယ့်အစား သူမက၊ “x, y (သို့) z တွေဟာ ဦးစားပေးရန် မလိုလို့ ကျွန်မ မလုပ်ဘူး။” လို့ ပြောတယ်။ “အချိန်မရှိဘူး” လို့ ဆိုလိုက်ခြင်းက မကြာခဏ ဆိုသလို ”အဲဒါကို ဦးစားမပေးဘူး” ဆိုမှုပါ။ သေသေချာချာ စဉ်းစားကြည့်ရင်၊ အဲဒီစကားလုံးတွေက ပိုပြီးတိကြတယ်။ ကျွန်မက ခန်းဆီးတွေကို ဖုန်စုပ်ရန် အချိန်မရှိဘူးလို့ ပြောရင်၊ အမှန် မဟုတ်ပါဘူး။ ရှင်တို့က အဲဒီခန်းဆီးတွေ သန့်ရှင်းဖို့ $၁၀၀ ၀၀၀ ပေးမယ်လို့ ကမ်းလှမ်းရင် အမြန် လုပ်မှာပါ။ (ရယ်သံများ) အဲဒီလို ကမ်းလှမ်းမယ့်သူ မရှိတော့၊ အချိန်မရှိလို့ မဟုတ်ဘဲ အဲဒါကို ကျွန်မ မလုပ်ချင်လို့ ဖြစ်တာကို ဝန်ခံရန် လိုပါတယ်။ ဒီတော့ ထပ်ပြောရပါက အချိန်ဆိုတာ ရွေးချယ်မှုမျှ ဖြစ်ပါတယ်။ အဲဒါကြောင့် သေချာသေးတာက၊ ကိုယ်ရဲ့ အမျိုးမျိုးသော ရွေးချယ်မှုများ အတွက် ကြောက်မက်စရာ အကျိုးဆက်တွေ ရှိနိုင်တာကို သိထားရပါမယ်။ ကျွန်ုပ်တို့ စဉ်းစားနိုင်စွမ်းရှိတော့၊ ရေရှည်မှာ လုပ်ကိုင်ကြရာတွင်၊ ကျွန်မတို့ရဲ့ ဘဝတွေကို ရှိသင့်တဲ့ အရာများဖြင့် ဖြည့်စွမ်းနိုင်စွမ်း ရှိကြပါတယ်။ အဲဒါ ကျွန်မတို့ ဘယ်လို လုပ်လဲ။ ရေပိုက် ပျက်စီးသွားခဲ့တဲ့ ဥပမာ အကြောင်း ထည့်စဉ်းစားလျက် ဦးစားပေးမှုကို ဘယ်လို သတ်မှတ်ကြလဲ။ ပထမဦးဆုံး အနေနဲ့ ၎င်းတို့ အားလုံးကို စဉ်းစားသတ်မှတ်ရပါမယ်။ အဲဒီလို စဉ်းစားရန် ကျွန်မ မဟာဗျူဟာ နှစ်ခုကို ပေးချင်တယ်။ ပထမက ကျွမ်းကျင်သူရဲ့ အကြံပေးချက်ပါ၊ နှစ်ကုန်ခါနီးမှာ လူအများစုက နှစ်စဉ် လုပ်ကိုင်မှုဆိုင်ရာ ဆန်းစစ်ချက်တွေ ပြုစုတယ် ဒါမှမဟုတ် ပေးကြပါတယ်။ နောက်ကြောင်း ပြန်ကြည့်လျက် တနှစ်အတွင်း အောင်မြင်မှုကို၊ “ကြီးထွားရန် အခွင့်အလမ်းများ”ကို လေ့လာကြည့်တယ်။ အဲဒါဟာ ရည်ရွယ်ရင်းကို ဖြည့်တင်း ပေးပေမဲ့၊ ဒါကိုပဲ မျှော်ကြည့်လျက် လုပ်ကိုင်မှုက ပိုအကျိုးရှိမယ် ထင်တယ်။ အဲ့တော့ အခုအချိန်ဟာ လာမယ့် နှစ်ကုန်ခါနီးလို့ စိတ်ကူးကြည့်ပါ။ ရှင်တို့ဟာ ကိုယ့်ကိုကိုယ် လုပ်ကိုင်ခဲ့ပုံကို ဆန်းစစ်နေတယ်၊ အဲဒီနှစ်ဟာ ကျွမ်းကျင်မှုအရ ခင်ဗျား အတွက် သိပ်ကို အောင်မြင်ခဲ့တဲ့ နှစ်ပါ။ အဲဒီလို အံ့ဖွယ် ဖြစ်လာရန် ခင်ဗျား လုပ်ခဲ့တဲ့ အရာ သုံးခုမှ ငါးခုက ဘာတွေလဲ။ အဲဒီလိုနည်းဖြင့် ခင်ဗျားဟာ လာမယ့် နှစ်ရဲ့ အခြေအနေကို အခုကို ရေးနိုင်ပါပြီ။ အလားတူပဲ ခင်ဗျားတို့ရဲ့ ကိုယ်ရေး ဘဝအတွက် ရေးနိုင်တယ်။ ရှင်တို့ထဲက တော်တော်များများက ကျွန်မလိုပဲ ဒီဇင်ဘာ ရောက်ရင် ဒီလိုဟာမျိုး ရောင်စုံစက္ကူခေါက်တွေ ပါတဲ့ ကဒ်တွေကို ရတတ်တယ်၊ အဲဒီမှာ မိသားစု ပွဲတော်စာ ဆိုတာကို ရေးလေ့ ရှိကြပါတယ်။ (ရယ်သံများ) ရေးသားပုံက စာကြီးပေကြီး ဆန်ချင်မှ ဆန်မှာ ဖြစ်ပေမဲ့၊ မိမိတို့ အိမ်ထောင်စုထဲက လူတိုင်း ဘယ်လို အံ့အားသင့်စရာ ကောင်းခဲ့ကြောင်း ဒါမှမဟုတ် ပိုပြီး စိတ်ဝင်စားဖွယ် လူတိုင်း ဘယ်လို အလုပ်များနေခဲ့ ကြောင်း ရေးကြတယ်။ တကယ်တော့ အဲဒီစာတွေဆီမှာ ရည်ရွယ်ချက် ရှိတယ်၊ ခင်ဗျားတို့ရဲ့ မိတ်ဆွေများ နဲ့ မိသားစုကို ကိုယ်ရေးဘဝထဲ ရှင်တို့ လုပ်ခဲ့တာ တစ်နှစ်လုံးမှာ အရေးပါခဲ့တာကို ရေးကြတယ်။ ဒီနှစ်က ပြီးဆုံးသွားပေမဲ့ ဒါက လာမယ့်နှစ်ရဲ့ အဆုံးပိုင်း ဖြစ်တယ်လို့ စိတ်ကူးကြည့်ပါ၊ အဲဒါဟာ ရှင့်အတွက်ရော ကိုယ့်အတွက် အရေးကြီးတဲ့ လူတွေအတွက်ပါ တကယ့်ကို အံ့အားသင့်စရာ နှစ်ကြီးဖြစ်ခဲ့တယ်။ အဲဒီလို အံ့ဖွယ် ဖြစ်လာရန် ခင်ဗျား လုပ်ခဲ့တဲ့ အရာ သုံးခုမှ ငါးခုက ဘာတွေလဲ။ ဒီတော့ ခင်ဗျားတို့ဟာ ကိုယ့်မိသားစု စာကို အခုကို ရေးနိုင်ပါပြီ။ ဒါပေမဲ့ မပို့ပါနှင့်။ (ရယ်မောသံများ) ကျေးဇူးပြုပြီး မပို့ပါနှင့်။ ဒါပေမဲ့ ရေးနိုင်ပါပြီ။ ပြီးတော့ လုပ်နိုင်ခဲ့တာတွေကို ဆန်းစစ်မှု နဲ့ မိသားစု ပွဲတော် စာ အကြားမှာ လာမယ့် နှစ်ထဲ လုပ်နိုင်မယ့် ပန်းတိုင် ခြောက်မှ တဆယ်အထိ ပါတဲ့ စာရင်းရှိတယ်။ အဲဒါကို ကျွန်မတို့ဟာ လုပ်နိုင်မယ့် ခြေလှမ်းများအဖြစ် ခွဲခြားရမယ်။ ရှင်တို့ဟာ မိသားစု သမိုင်းကို ရေးချင်ရေးလိုမယ်။ ဦးစွာ အခြားသူတို့ရဲ့ မိသားစု သမိုင်းကို ဖတ်ကြည့်လျက် ရေးပုံရေးနည်းကို သိနိုင်တယ်။ အဲဒီနောက် ဆွေမျိုးတွေကို မေးမယ့် မေးခွန်းတွေကို စဉ်းစားကာ သူတို့နဲ့ မေးမြန်းဖို့ ရက်ချိန်း စီစဉ်နိုင်တယ်။ ဒါမှမဟုတ် ရှင်တို့ မီတာ ၅ ထောင်ပြေးချင်သလား။ ပြေးပြိုင်ပွဲရှာပြီး စာရင်းပေးရန် လေ့ကျင့်ရေး စီမံကိန်းရေးဆွဲရန်၊ စီးရမယ့် ဘိနပ်တွေကို ရှာရမယ်။ အဲဒီနောက်- သော့ချက်က- ကျွန်မတို့ရဲ့ ဦးစားပေးရွေးထားမှုတွေကို ခုနက အပူဓာတ်ပေးစနစ် ပျက်သွားသလို ကျွန်မတို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဦးစားပေး ထည့်သွင်းပေးရန် လိုပါတယ်။ ကျွန်မတို့ အဲဒါတွေကို အပတ်အတော်ကြာ ကြိုပြီး စဉ်းစားကြတယ်။ ကျွန်မကတော့ အဲဒါတွေကို သောကြာ မွန်းလွဲပိုင်းမှာ လုပ်တာ အကြိုက်ဆုံးပါ။ သောကြာ မွန်းလွဲဆိုတာက စီးပွားရေး ပညာရှင်တွေက “စရိတ်ကျဉ်း အခွင့်အလမ်း” အချိန် ဆိုပြီး ခေါ်မှာပါ။ ကျွန်မတို့ထဲက အများစုဟာ “ကျွန်ုပ်ရဲ့ ကိုယ်ရေး နှင့် ကျွမ်းကျင်မှု ဦးစားပေးမှုတွေကို လုပ်ကိုင်ရန် စိတ်လှုပ်ရှားနေတယ်” လို့ သောကြာနေ့ မွန်းလွဲပိုင်းမှာ ပြောဆိုကြတာ မဟုတ်ပါဘူး။ (ရယ်သံများ) ဒါပေမဲ့ အဲဒါတွေက ဘာတွေ ဖြစ်သင့်တာကို စဉ်းစားချင်တယ်။ ဒီတော့ သောကြာနေ့ မွန်းလွဲပိုင်းမှာ အချိန်ပေးပြီး အလုပ်၊ ဆက်ဆံမှုများ၊ ကိုယ်ရေး ဆိုပြီး သုံးမျိုးပါတဲ့ ဦးစားပေးစာရင်းကို ပြုလုပ်ါ။ အမျိုးအစား သုံးခုစလုံးထဲမှာ တစ်ခုခု ရှိဖို့ လိုတာကို အမျိုးအစား သုံးခုပါတဲ့ စာရင်းရဲ့ အမည်က ထောက်ပြနေပါတယ်။ အလုပ်ကိစ္စ စဉ်းစားရမယ်၊ ဆက်ဆံမှုများ နဲ့ ကိုယ်ရေး- သိပ် မများလှပါ။ ဘယ်လိုပဲဖြစ်ဖြစ်၊ တစ်ခုစီထဲမှာ နှစ်ခု သုံးခုစီ စာရင်းတိုလေးပါ။ အဲဒီနောက် လာမယ့် တစ်ပတ်လုံးကို စိတ်ကူးကြည့်ပါ၊ အဲဒါတွေ ဘယ်မှာ ထည့်သွင်းနိုင်တာ စဉ်းစားပါ။ ကိုယ့်စိတ်ကြိုက် အဲဒါကို စီမံနိုင်ပါတယ်။ အဲဒါဟာ တချို့သူတွေ အတွက် အခြားသူတွေနဲ့ စာရင် ပိုပြီး ခက်ခဲနိုင်ပါတယ်။ တချို့လူတွေရဲ့ ဘဝဟာ အခြားသူတွေနဲ့စာရင် ပိုခက်လို့ပါ။ ကိုယ်က များလှတဲ့ ကလေးတွေကို စောင့်ရှောက်နေရတယ်ဆိုရင် ကဗျာ သင်တန်းကို တက်ရေးကိစ္စဟာ အတော့်ကို လွယ်မှာ မဟုတ်ပါ။ ကျွန်မ သိပါတယ်။ တချိန်တည်းမှာ တဦးဦးရဲ့ ကြိုးပမ်းမှုကို လျှော့မပြချင်ပါ။ ကျွန်မ အခုပြောပြမယ့် ဂဏန်းတွေဟာ ရှင်တို့ အတွက် အားတက်စရာကြီးပါ။ တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။ ခုနစ်ကို နှစ်ဆယ့်လေးနဲ့ မြှောက်ရင် ၁၆၈ နာရီကို ရပါတယ်။ အဲဒါဟာ မနည်းလှတဲ့ အချိန်ပါ။ ရှင်တို့ဟာ အချိန်ပြည့် လုပ်ကိုင်ပါက တစ်ပတ်မှာ နာရီ ၄၀ ဖြစ်မယ်၊ ညမှာ အိပ်ချိန်က ရှစ်နာရီ ဆိုတော့ တစ်ပတ်ကို ၅၆ နာရီ ရမယ်၊ ဒီတော့ အခြား လုပ်စရာအတွက် ၇၂ နာရီ ကျန်ခဲ့တဲ့ သဘောပါ။ အဲဒါဟာ မနည်းလှတဲ့ အချိန်ပါ။ တစ်ပတ် နာရီ ၅၀ အလုပ်လုပ်တယ် ပြောတယ်။ အဓိက အလုပ်နဲ့ ဘေးပန်း အလုပ်မျိုးပေါ့လေ။ အဲဒီလိုဆိုရင် အခြား အရာများအတွက် ၆၂ နာရီ ကျန်ပါတယ်။ နာရီ ၆၀ လုပ်ရသူလည်း ရှိနိုင်တယ်။ အဲဒီလိုဆိုရင် အခြား အရာများအတွက် ၅၂ နာရီ ကျန်ပါတယ်။ နာရီ ၆၀ ထက် ပိုလုပ်ရသူလည်း ရှိနိုင်ပါတယ်။ အဲဒါ တကယ် ဟုတ်ရဲ့လား။ (ရယ်သံများ) တချိန်တုန်းက လေ့လာမှုမှာ လူတွေ တစ်ပတ်မှာ လုပ်ခဲ့တာကို အချိန်နဲ့ မှတ်ခဲ့တယ်။ ၇၅ နာရီ ကျော် လုပ်ပါတယ်လို့ ဆိုသူတွေ လက်တွေ့မှာ ၂၅ နာရီလောက် မလုပ်ကြတာ တွေ့ရတယ်။ (ရယ်သံများ) ဒီတော့ ကျွန်မ ထောက်ပြချင်တာကို ရှင်တို့ ခန်းမှန်းနိုင်ပါပြီ။ အစဉ်ဆိုသလိုပဲ တစ်ပတ် ၁၆၈ နာရီထဲတွင် ကိုယ့်အတွက် အရေးကြီးတဲ့ အရာတွေ အတွက် အချိန်ကို ရှာနိုင်မှာပါ။ ရှင်တို့ဟာ ကိုယ့်ကလေးတွေနဲ့ အချိန်ပိုဖြုန်းချင်ရင်၊ ကိုယ်ရဲ့ စာမေးပွဲအတွက် ပိုပြီး စာကြည့်ချင်ရင်၊ သုံးနာရီကြာ လေ့ကျင့်ခန်း လုပ်ပြီး စေတနာ့ဝန်ထမ်း နှစ်နာရီ လုပ်ချင်ရင်၊ ရှင်တို့ လုပ်နိုင်ပါတယ်။ ကိုယ်က အချိန်ပြည့် သုံးဆ လုပ်နေတောင် အဲဒီလို လုပ်နိုင်ပါတယ်။ ဒီတော့ အချိန်တွေ အများကြီး ရှိတာ သိပ်ကောင်းတယ်၊ ဘာကြောင့်လဲ သိကြလား။ အံ့ဩစရာ အရာတွေကို လုပ်ကိုင်ရန် အဲဒီလောက် အချိန်တွေ မလိုပါ။ ကျွန်မတို့ဆီမှာ အချိန် နည်းနည်းလေး ရှိရင် ဘာလုပ်တတ်လဲ။ ဖုန်းကို ဆွဲထုတ်ယူကြတယ် မဟုတ်လား။ အီးမေးလ်တွေကို ဖျက်တော့တယ်။ အိမ်ကို ပတ်ပြီး လမ်းလျှောက် နေတတ်ဆယ်၊ တီဗီကို ကြည့်နေတတ်တယ်။ တကယ်တော့ သေးမွှားတဲ့ တဒင်္ဂတွေက အရေးပါနိုင်တယ်။ ရှင်တို့ဟာ ပျော်ရွှင်မှုအတွက် အချိန်နည်းနည်းကို သုံးနိုင်ပါတယ်။ အလုပ်ကို သွားဖို့ ဘတ်စ်ကား စီးနေစဉ် ဖတ်ဖို့ အံ့ဖွယ် စာအုပ်ကို ရွေးနေတာ ဖြစ်နိုင်တယ်။ ဘတ်စ်ကား နှစ်စီးကို စီးခဲ့ရကာ မြေအောက်ရထားကို မနက်တိုင်း စီးခဲ့ရတဲ့အလုပ်မှာ၊ စနေတနင်္ဂနွေမှာ စာကြည့်တိုက်ကို သွားပြီး စာအုပ်တွေ ရွေးခဲ့ပါတယ်။ အဲဒါက ခရီးစဉ် တစ်ခုလုံးကို ပျော်ရွှင်စရာ လုပ်ပေးခဲ့တယ်။ အလုပ်ထဲက အားလပ်ချိန်ကို ကမ္မဌာန်း ထိုင်ရန်၊ ဆုတောင်းရန် သုံးနိုင်တယ်။ ကိုယ့် အလုပ်ချိန်ကြောင့် မိသားစုနဲ့ အတူ ညစာ မစားနိုင်ရင်၊ အဲဒါ့အစား မိစားစုအလိုက် နံနက်စာ စားလို့လည်း ရနိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အချိန်တစ်ခုလုံကို ကြည့်ပြီး ကောင်းတဲ့ အရာတွေ ထည့်ပေးလို့ ရမယ့် နေရာတွေကို ရှာလို့ ရနိုင်မှာပါ။ ကျွန်မကတော့ တကယ် ယုံပါတယ်။ အချိန်ကို ရှာတွေ့မှာပါ။ ကျွန်မတို့ အလုပ်များနေတောင်မှ၊ အရေးကြီးတာတွေ အတွက် အချိန် ရှိတတ်တယ်။ ကိုယ့်အတွက် အရေးကြီးတာကို အာရုံစိုက်လာရင်၊ ကျွန်မတို့ ဆီမှာ ရှိနေတဲ့ အချိန်ထဲ ကိုယ် လိုချင်တာကို တည်ဆောက်နိုင်ကြတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)