အာဖရိကပြောင်းတစ်ဖွဲ့၊ ငါးတစ်စု ငှက်တစ်အုပ် တိရိစ္ဆာန်အများစုက အဖွဲ့လိုက် စည်းဝေးကြတယ်။ သဘာဝလောကထဲမှာ အဲ့စုဝေးပွဲတွေက အံ့မခန်း မြင်ကွင်းပဲလေ။ ဒါပေမယ့် ဘာလို့ ဒီလို အဖွဲ့လိုက် စုစည်းရတာလဲ။ အဖြေအများစုကဒီလိုပါ အရေအတွက်များရင် လုံခြုံမယ် အုပ်စုလိုက် အမဲလိုက်မယ် ဒါမှမဟုတ် မိတ်လိုက်ဖို့ စုဝေးမယ်။ ဒီလိုရှင်းပြချက်တွေက များတော့အားဖြင့်မှန်ပေမယ့် ဒါက တိရိစ္ဆာန်တွေဟာ သူတို့ရဲ့ လုပ်ရပ်ကို သူတို့ ထိန်းချုပ်နေတယ်၊ သူတို့ခန္ဓာကို သူတို့ ကိုင်တွယ်တယ်ဆိုတဲ့ တိရိစ္ဆာန်အမှုအကျင့်နဲ့ ပတ်သတ်ပြီး အယူအဆကြီးတစ်ခုဖြစ်နေတယ်။ များတော့အားဖြင့် အဲလို မဟုတ်ဘူး။ ဒါက Artemia၊ ရေငန်ပုစွန်ဆိတ် ခင်ဗျားတို့ကတော့ sea monkey လို့ သိထားမှာပါ။ သေးသေးလေး၊ တစ်ကောင်တည်းနေတယ် ဒါပေမယ့် မီတာလောက်ကြီးတဲ့ အနီရောင် အသိုက်အနေနဲ့ စုဝေးတတ်ကြတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းက ကပ်ပါးကောင်တစ်ကောင်ကြောင့်ပါ။ ပုစွန်ဆိတ်တွေထဲမှာ တုပ်ပြားကောင်ရှိပါတယ်။ တုပ်ပြားကောင်က သက်ရှိအူရှည်ရှည်တစ်ခုပါ။ တစ်ဖက်မှာ လိင်အင်္ဂါ၊ တစ်ခြားဖက်မှာ ချိတ်ပါတဲ့ ပါးစပ်ပေါက်။ ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ကျနော်စာနာပါတယ်။ (ရယ်သံများ) တုပ်ပြားကောင်က Artemia ကနေ အဟာရစုပ်ယူတယ်။ ဒါပေမယ့် တခြားဟာတွေလည်း လုပ်သေးတယ်။ သူတို့ကို သင်းကွပ်တယ်။ သူတို့အရောင်ကို အကြည်ကနေ အနီဖြစ်အောင်ပြောင်းတယ်။ အသက်ရှည်အောင်လုပ်တယ်။ ဒီပုစွန်ဆိတ်တွေကို အုပ်စုလိုက်နေအောင် လုပ်တယ်လို့ ဇီဝပညာရှင် Nicolas Rode က တွေ့ရှိထားပါတယ်။ ဘာလို့လဲ။ အကြောင်းကတော့ တခြား ကပ်ပါးကောင်တွေလို တုပ်ပြားကောင်မှာလည်း လက်ခံကောင်အမျိုးမျိုးပါတဲ့ ရှုပ်ထွေးလှတဲ့ ဘဝသံသရာရှိတယ်။ ပုစွန်ဆိတ်တွေက သူ့ခရီးစဉ်မှာ ခြေတစ်လှမ်းပဲရှိသေးတယ်။ နောက်ဆုံးမှတ်တိုင်ကတော့ ကြိုးကြာနီပါ။ တုပ်ပြားကောင်က ကြိုးကြာနီထဲမှာပဲ မျိုးပွားနိုင်တာ အဲထဲရောက်ဖို့အတွက် ကြိုးကြာနီ မြင်သာမယ့် အရောင်တောက်တဲ့ အုပ်စုဖြစ်လာအောင် လက်ခံကောင် ပုစွန်ဆိတ်ကို ကြိုးကိုင်တယ်။ အဲ့ဒါက Artemia အုပ်စုရဲ့လျှို့ဝှက်ချက်လေ။ သူတို့ စုဝေးကြတာက ပင်ကိုယ်ဗီဇကြောင့်မဟုတ်ဘဲနဲ့ ထိန်းချုပ်ခံနေရတဲ့အတွက်ပါ။ အရေအတွက်များလို့ လုံခြုံနေတာမဟုတ်ဘူး ဒါက တကယ်တော့ လုံးဝဆန့်ကျင်ဘက်။ တုပ်ပြားကောင်က သူတို့ရဲ့ ဦးနှောက်နဲ့ ခန္ဓာကို ကလိလိုက်ပြီး။ ကြိုးကြာနီထဲရောက်ဖို့ စီးနင်းယာဉ်အဖြစ်ပြောင်းလိုက်တယ်။ ဒီဟာက ကပ်ပါးကောင်ကြိုးကိုင်မှု နောက်ဥပမာတစ်ခုပါ။ ဒါက အသေခံ ပုရစ်။ ပုရစ်က Gordian ဒါမှမဟုတ် horsehair သန်ကောင် သားလောင်းကို မျိုလိုက်တယ် သန်ကောင်က အရွယ်ကြီးလာတယ်။ မိတ်လိုက်ဖို့ ရေထဲရောက်ဖို့လိုတယ် ဒါကြောင့် ပုရစ်ဦးနှောက်ကိုရှုပ်ထွေးစေမယ့် ပရိုးတင်းထုတ်လိုက်တယ်။ ဒီလိုနဲ့ ပုရစ်ကို ဂဏှာမငြိမ် ဖြစ်အောင်လုပ်တယ်။ ရေကူးကန်လို ရေရှိတဲ့နေရာဆီရောက်တော့ ပုရစ်က ရေထဲခုန်ချပြီး ရေနစ်သေသွားတယ် ပြီးတော့ ပိုးကောင်က လှုပ်ပြီးထွက်လာတယ်။ ပုရစ်ထဲ သန်ကောင် ဒီလောက်ဝင်ဆန့်တယ်ဆိုတာ ဘယ်သူကသိလို့လဲ။ တုပ်ပြားကောင်နဲ့ Gordian သန်ကောင်တင် မကဘူး။ သူတို့က လက်ခံကောင်ရဲ့ စိတ်စွမ်းအားကို ကိုင်တွယ်ထိန်းချုပ်တဲ့နေရာမှာ ကျွမ်းကျင်တဲ့၊ စိတ်အာရုံထိန်းချုပ်တဲ့ကပ်ပါးကောင်၊ မှို၊ ဗိုင်းရပ်စ်၊ သန်ကောင်၊ အင်းဆက်တွေ အုပ်စုကြီးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်။ ဒီအကြောင်းကို လွန်ခဲ့တဲ့ နှစ်၂၀တုန်းက David Attenborough ရဲ့ Trials of Life ကနေ စသိတာပါ။ နောက်တော့ ကျနော် သူငယ်ချင်း Carl Zimmer ရဲ့ စာအုပ် Parasite Rex ကနေ ပိုအကျွမ်းဝင်ခဲ့ပါတယ်။ အဲ့ကတည်းက ဒီအကောင်တွေ အကြောင်း ရေးနေခဲ့တာပါ။ ဇီဝဗေဒ ခေါင်းစဉ်အနည်းငယ်က ကျနော့်အာရုံကိုဖမ်းစားပါတယ်။ ကပ်ပါးကောင်တွေက ကျနော့်ဦးနှောက်ကို မောင်းနှင်နေသလိုမျိုးပေါ့။ ဘာလို့ဆိုတော့ သူတို့က အမြဲ အာရုံဖမ်းစားတယ် ကြောက်ဖို့ကောင်းတယ်။ ကပ်ပါးကောင်အကြောင်း ရေးတဲ့အခါ ခင်ဗျားရဲ့ အရေးအသာမှာ "အစိမ်းလိုက်မျိုခံရတယ်" "ခန္ဓာကိုယ်ကနေ ဖောက်ထွက်လာတယ်" စတဲ့ စာကြောင်းတွေနဲ့ ပြည့်နေတယ်။ (ရယ်သံများ) ဒါပေမယ့် အဲ့လောက်ပဲမဟုတ်ပါဘူး ကျနော်က စာရေးဆရာပါ။ ခင်ဗျားတို့ထဲက စာရေးဆရာတွေကလည်း ကျနော်တို့ ပုံပြင်ကြိုက်တယ်ဆိုတာ သိမှာပါ။ ကပ်ပါးကောင်တွေက ရိုးအီတဲ့ပုံပြင်တွေရဲ့ ဆွဲဆောင်မှုကို ခုခံဖို့ ဖိတ်ခေါ်ပါတယ်။ သူတို့ကမ္ဘာက ဇာတ်လှည့်ကွက်တွေ မမျှော်လင့်ထားတဲ့ ရှင်းပြချက်တွေနဲ့ပါ။ ဥပမာ ဒီပိုးတုံးလုံးက သူနဲ့ သူကာကွယ်နေတယ်လို့ ထင်ရတဲ့ ပိုးအိမ်လေးတွေဆီ တခြားအင်းဆက်က အနီးကပ်လာတဲ့အခါ ဘာလို့ ကြမ်းကြမ်းတမ်းတမ်း ဝှေ့ရမ်းရတာလဲ။ သူ့ရဲ့ မောင်နှမတွေကို ကာကွယ်နေတာမလား။ မဟုတ်ဘူး။ ကပ်ပါးနကျယ်ကောင်တစ်ကောင်က ဒီပိုးတုံးလုံးထဲ ဥအုသွားပါတယ်။ ဥပေါက်တော့ အကောင်ပေါက်တွေက ပိုးတုံးလုံးကိုယ်ကနေ မဖောက်ထွက်ခင် သူ့ကို အရှင်လတ်လတ်စားလိုက်တယ်။ ကျနော်ဘာဆိုလိုတယ်ဆိုတာ သိပါတယ်နော်။ ပိုးတုံးလုံးကတော့ မသေဘူး။ တချို့နကျယ်တွေက ကျန်နေခဲ့ပြီး ပိုးအိမ်ထဲက အသွင်ပြောင်းနေတဲ့ သူတို့ မောင်နှမတွေကို ကာကွယ်ဖို့အတွက် ပိုးတုံးလုံးကို ထိန်းချုပ်တယ်။ ဒီပိုးတုံးလုံးက သူ့ကိုစားလိုက်တဲ့ အကောင်တွေရဲ့ သားသမီးကို ကာကွယ်ပေးနေရတဲ့ ခေါင်းရမ်း ဇွန်ဘီးသက်တော်စောင့်ဖြစ်လာတယ်။ (လက်ခုပ်သံများ) ပြောရမှာ အများကြီးကျန်သေးတယ်။ ကျနော်မှာ ၁၃ မိနစ်ပဲကျန်တော့တယ်။ (ရယ်သံ) ခင်ဗျားတို့ထဲက တချို့က ဒီအရာတွေက သဘာဝလောကရဲ့ အထူးအဆန်းတွေ၊ ခြွင်းချက်တွေ ဆိုတဲ့ အတွေးထဲ စိတ်သက်သာရာကို အသည်းအသန် လိုက်ရှာနေမှာပါ။ ဒီလိုအမြင်ကို နားလည်ပေးလို့ရတယ်။ ဘာလို့ဆိုတော့ ကပ်ပါးကောင်တွေက တော်တော်လေး ငယ်တယ်။ သူတို့က တခြားအကောင်တွေရဲ့ ကိုယ်ထဲမှာပဲ နေနေတာ။ သူတို့ကို လွဲသွားဖို့ လွယ်တယ်။ ဒါပေမယ့် ဒါက သူတို့ အရေးမပါဘူးလို့ မဆိုလိုဘူး။ ဟိုးနှစ်အနည်းငယ်တုန်းက Kevin Laffertyက သိပ္ပံပညာရှင်တစ်စုနဲ့အတူ ကယ်လီဖိုးနီယား မြစ်ဝ သုံးနေရာကို သွားတယ်။ သူတို့တွေ့သမျှအကောင်တွေကို တိုင်းတာတယ် ခွဲစိတ်တယ် မှတ်တမ်းတင်တယ်။ ပြီးတော့ ကပ်ပါးကောင်တွေ အများကြီးရှိတာကို ရှာတွေ့ခဲ့တယ်။ အထူး အတွေ့များတာက ဒီကံမကောင်းတဲ့ ခရုတွေလို လက်ခံကောင်တွေကို သင်းကွပ်တဲ့ နေရာမှာကျွမ်းကျင်တဲ့ သန်ပြားကောင်တွေပေါ့။ သန်ပြားကောင်တစ်ကောင်က အင်မတန်မှသေးပါတယ်။ ဒါပေမယ့် အားလုံးပေါင်းလိုက်ရင် မြစ်ဝမှာရှိတဲ့ ငါးအားလုံး နီးနီးလောက်လေးပါတယ်။ ငှက်အားလုံးထက် ၃ဆ ကနေ ၉ဆ အထိလေးပါတယ်။ ကျနော်ပြောခဲ့တဲ့ ပုရစ်အကြောင်း Gordian သန်ကောင်ကို မှတ်မိပါသေးလား။ ဂျပန်သိပ္ပံပညာရှင် Takuya Sato တွေ့ထားတာက ချောင်းတစ်ခုမှာ အဲ့ဒီကောင်ကြောင့် ပုရစ်တွေ နှံကောင်တွေအများကြီး ရေထဲရောက်ပြီး သေကုန်လို့ အဲ့ပိုးအသေတွေက ချောင်းထဲက ထရောက်ငါးရဲ့ အစာရဲ့ ၆၀ရာခိုင်နှုန်းဖြစ်နေပါတယ်။ ကြိုးကိုင်တယ်ဆိုတာ အထူးအဆန်းမဟုတ်ဘူး။ အဲ့ဒါက ကျနော်တို့ဘေးပတ်ဝန်းကျင်ရဲ့ အရေးကြီးပြီး အဖြစ်များတဲ့ အပိုင်းတစ်ခုပါ။ ပြီးတော့ သိပ္ပံပညာရှင်တွေက ကြိုးကိုင်သူ ဥပမာပေါင်းများစွာကို တွေ့ရှိထားပြီး ဒီအကောင်တွေ သူတို့ရဲ့ လက်ခံကောင်ကို ဘယ်လိုထိန်းချုပ်လဲဆိုတာကို စပြီးနားလည်လာပြီ။ ဒါက ကျနော့်အကြိုက်ဆုံးထဲက တစ်ခုပါ။ ဒါက Ampulex compressa မြပိုးဟပ်နကျယ်ကောင် ဥအုမယ့် မြပိုးဟပ်နကျယ်ကောင်က ပိုးဟပ်ကိုလိုချင်ရမယ့်ဆိုတာဟာ ဘုံအမှန်တရားတစ်ခုပါ။ ပိုးဟပ်ကိုတွေ့ရင် အာရုံခံတဲ့ အချွန်နဲ့ ပိုးဟပ်ကိုထိုးပါတယ်။ ဒီဖြစ်စဉ်ကို ပြီးခဲ့၃ပတ်က တွေ့ထားတာပါ။ သူမထိုးလိုက်တဲ့အာရုံခံအင်္ဂါအချွန်မှာ ပိုးဟပ် ဦးနှောက် မျက်နှာပြင်ကိုခံစားဖို့ အာရုံခံဘုသေးသေးလေးပါပါတယ်။ အိတ်ထဲလက်ထည့်ပြီး လျှောက်စမ်းနေတဲ့လူလိုပေါ့။ သူမ စမ်းလို့မိတာနဲ့ အာရုံဆဲလ်နှစ်စုထဲကို အဆိပ်ထိုးထည့်လိုက်တယ်။ အဆိပ်က တိကျတဲ့ပစ်မှတ်ရှိတဲ့ ဓာတု လက်နက်ဖြစ်တယ်ဆိုတာ အစ္စရေးသိပ္ပံပညာရှင် Frederic Libersatနဲ့ Ram Gal တို့တွေ့ထားပါတယ်။ အဲ့ဒါက ပိုးဟပ်ကိုမသတ်ဘူး။ အိပ်မွေ့လည်းမချဘူး။ ပိုးဟပ်က ထွက်ပြေးချင်ရင် ထွက်ပြေးလို့ရသေးတယ်။ ဒါပေမယ့် အဲလိုမလုပ်ဘူး။ ဘာလို့ဆိုတော့ အဆိပ်က သူ့ရဲ့ လမ်းလျှောက်ချင်တဲ့ ဆန္ဒတစ်ခုတည်းကို ဖိနှိပ်လိုက်တာ။ ပိုးဟပ်ရဲ့ ထိန်းချုပ်စနစ်မှာရှိတဲ့ အန္တရာယ်ကရှောင်ပြေးစနစ်ကို နကျယ်က ပယ်ဖျက်လိုက်တယ်။ သူ့သားကောင်ရဲ့ ဦးမှင်ကိုကိုင်ပြီး သူ့နေရာဆီခေါ်သွားဖို့အတွက်ပေါ့။ လူက ခွေးနဲ့လမ်းလျှောက်သလိုမျိုးပေါ့။ နေရာရောက်ရင် ပိုးဟပ်ထဲဥအုလိုက်တယ်။ ဥပေါက်တယ်။ အစိမ်းလိုက်မျိုတယ်။ ဖောက်ထွက်တယ်။ ဘာဘာညာညာပေါ့။ ခင်ဗျားတို့သိပါတယ်။ (ရယ်သံ)(လက်ခုပ်သံ) အဆိပ်ဆူးခံရပြီးရင် ပိုးဟပ်က ပိုးဟပ်မဟုတ်တော့ဘဲနဲ့ နကျယ်ရဲ့ အစိတ်အပိုင်း တစ်ခုဖြစ်လာပါတယ်။ ပုရစ်က Gordian သန်ကောင်ရဲ့ အစိတ်အပိုင်းဖြစ်လာသလိုပေါ့။ ဒီလက်ခံကောင်တွေက ရှင်သန်ခွင့် မျိုးပွားခွင့်မရှိတော့ဘူး။ သူတို့ ကံကြမ္မာကို ထိန်းချုပ်ခွင့်မရှိတော့ဘူး။ ကျနော့်ကားလိုပေါ့။ ကပ်ပါးကောင် ဝင်လာတာနဲ့ အိမ်ရှင်တွေမှာ ငြင်းဆိုခွင့်မရှိပါဘူး။ ကြိုးကိုင်တာက လူတွေအတွက် အထူးအဆန်းမဟုတ်ပါဘူး။ ကျနော်တို့ ဦးနှောက်ရဲ့ ဓာတုတွေ ခံစားချက်တွေ ပြောင်းဖို့ ဆေးသောက်တယ်။ ငြင်းခုန်တာတွေ၊ ကြောငြာတာတွေ၊ ဒီ အိုင်ဒီယာကြီးတွေကကော လူတွေရဲ့ စိတ်ကို လွှမ်းမိုးဖို့မဟုတ်ရင် ဘာတွေလဲ။ ဒါပေမယ့် ကပ်ပါးကောင်တွေရဲ့ အသေးစိပ်မှုနဲ့ နှိုင်းယှဉ်လိုက်ရင် ကျနော်တို့လုပ်ရပ်တွေက ရိုးရှင်းလွန်းပါတယ်။ Don Draper ကတော့ မြပိုးဟပ်နကျယ်ကောင်လို အနုစိပ်ကျ တတ်ကျွမ်းချင်မှာပါ။ ဒီအပိုင်းက ကပ်ပါးကောင်တွေကို ကြောက်ဖို့ စိတ်ဝင်စားဖို့ ကောင်းစေတယ်လို့ ကျနော်ထင်တယ်။ ကျနော်တို့က ကျနော်တို့ရဲ့ စိတ်စွမ်းအား အမှီအခိုကင်းမဲ့မှုကို တန်ဖိုးထားလွန်းလို့ မမြင်နိုင်တဲ့ အရာကြောင့် ဒီစွမ်းရည်တွေ ဆုံးရှုံးနိုင်ခြေက ကျနော်တို့ရဲ့ အကြောက်တရားကို သတိပေးနေပါတယ်။ Orwell ဖွဲ့နွဲ့ထားတဲ့ ကမ္ဘာပျက်၊ နိုင်ငံရေးသူလျှို စိတ်ထိန်းချုပ်တဲ့ လူဆိုးတွေ ဒါတွေက သည်းထိတ်ရင်ဖို ဝတ္ထုထဲက ဥပမာအလင်္ကာတွေလေ။ ဒါပေမဲ့ သဘာဝလောကမှာ အမြဲတွေ့ရပါတယ်။ ဒါကြောင့် ကျနော့်မှာ မေးခွန်းတစ်ခုရထားတယ်။ ကျနော်တို့မသိအောင် ကျနော်တို့ အမှုအကျင့်ကို ထိန်းချုပ်နေတဲ့ မကောင်းဆိုးဝါး ကပ်ပါးကောင်များ NSA နောက်ကွယ်မှာ ရှိနေမလား။ ရှိများရှိခဲ့ရင် (ရယ်သံများ)(လက်ခုပ်သံများ) ကျနော်နဖူးကို သေနတ်နဲ့ ချိန်ထားလောက်ပြီ။ (ရယ်သံများ) ရှိခဲ့ရင် ဒီကောင်က သင့်တော်တဲ့ ရွေးချယ်မှုပါ။ ဒါက Toxoplasma gondii အတိုလိုဆိုရင် Toxo ပါ ဒီကြောက်စရာကောင်းတဲ့ အကောင်လည်း ချစ်စရာနာမည်ပြောင်လေးနဲ့ ထိုက်တန်တာပဲလေ။ Toxo က နို့တိုက်သတ္တဝါပေါင်းစုံကို ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် ကြောင်တွေထဲမှာပဲ လိင်ရှိမျိုးပွားနိုင်တာပါ။ Joanne Webster လို သိပ္ပံပညာရှင်တွေက Toxo က ကြွက်ကို ကြောင်ရှာတဲ့ အကောင်အဖြစ် ပြောင်းလဲနိုင်ကြောင်းကို ပြသထားပါတယ်။ ပိုးဝင်ထားတဲ့ ကြွက်က ကြောင်ရဲ့ မွေးကြိုင်တဲ့ ဆီးနံ့ကို ရရင် ထွက်ပြေးရမယ့်အစား ဆီးရှိရာနေရာဆီ ပြေးသွားတယ်။ ကြောင်က ကြွက်ကိုစားလိုက်တယ်။ Toxo လိင်ဆက်ဆံခွင့်ရတယ်။ ဒါက Eat, Pray, Love နမူနာပုံပြင်ပေါ့။ (ရယ်သံ)(လက်ခုပ်သံ) ခင်ဗျားတို့က တော်တော်ရက်ရောတဲ့ လူတွေပဲ။ ဟိုင်း Elizabeth ခင်ဗျားရဲ့ အပြောကို ကြိုက်ပါတယ်။ ကပ်ပါးကောင်က သူ့လက်ခံကောင်ကို ဒီနည်းနဲ့ ဘယ်လိုများ ထိန်းချုပ်လဲ။ ကျနော်တို့ တကယ်မသိသေးပါဘူး။ ကျနော်တို့သိတာက Toxo က "ဆုလာဒ်နဲ့ လှုံ့ဆော်မှုစနစ်"မှာပါတဲ့ dopamine ကို ပြုလုပ်တဲ့ အင်ဇိုင်းကိုထုတ်ပါတယ်။ ဒါက လိင်လှုံ့ဆော်မှုအပိုင်းအပါ ကြွက်ဦးနှောက်ရဲ့ တချို့အပိုင်းကို ပစ်မှတ်ထားတယ်ဆိုတာ သိပါတယ်။ အဲ့ဒီ ပဟေဠိအပိုင်းတွေဘယ်လို ဆက်စပ်ရမလဲဆိုတာ မရှင်းလင်းဘူးဆိုပေမယ့် တစ်ခုရှင်းတာက ဒီကောင်က ဆဲလ်တစ်ခုတည်းပါ။ အာရုံကြောစနစ် မရှိဘူး။ သတိမရှိဘူး။ ခန္ဓာကိုယ်တောင်မရှိတာကိုး နို့တိုက်သတ္တဝါတစ်ကောင်ကို ထိန်းချုပ်နေတယ်ပေါ့လေ။ ကျနော်တို့က နို့တိုက်သတ္တဝါတွေ။ တကယ်ဆိုကျနော်တို့ကတောင် ကြွက်ထက် ဉာဏ်ရည်ပိုထက်တယ်။ ဒါပေမယ့် ကျနော်တို့ ဦးနှောက် တည်ဆောက်ပုံက အတူတူပါပဲ။ ဆဲလ်အမျိုးအစားက အတူတူပါပဲ။ လည်ပတ်နေတဲ့ ဓာတုတွေလည်း အတူတူပါပဲ။ ပြီးရင် ကပ်ပါးကောင်တွေအတူတူပဲ။ စစ်တမ်းတွေကွဲပြားနိုင်ပေမယ့် တစ်ချို့ တွေ့ရှိချက်က ကမ္ဘာပေါ် လူ၃ယောက်မှာ ၁ယောက်ရဲ့ ဦးနှောက်ထဲမှာ Toxo ရှိနိုင်တယ်လို့ ဆိုထားပါတယ်။ များတော့အားဖြင့် ဒါကြောင့် ရောဂါ ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ဒီကပ်ပါးကောင်က အချိန်ကြာ အောင်းနေနိုင်ပါတယ်။ ပိုးရှိသူတွေက ပုဂ္ဂိုလ် အရည်အသွေးမေးခွန်း ဖြေတဲ့နေရာမှာ ရလဒ်တွေက တခြားသူတွေထက် ကွဲပြားနိုင်သလို သူတို့မှာ ကားတိုက်နိုင်ခြေ အနည်းငယ် ပိုးများတယ်ဆိုတဲ့ သက်သေအထောက်အထား တချို့ရှိပါတယ်။ Schizophrenia စိတ်ရောဂါရှိသူတွေက ပိုးရှိနိုင်ခြေ ပိုများတယ်ဆိုတဲ့ သက်သေတချို့ရှိပါတယ်။ ဒီသက်သေအထောက်အထားတွေက မရေရာဘူးလို့ ထင်ပါတယ်။ Toxo သုတေသနရှင်တွေထဲမှာ ဒီကပ်ပါးကောင်က ကျနော်တို့ အကျင့်စရိုက်ကို လွှမ်းမိုးနေလားဆိုတဲ့ အမြင်တွေက ကွဲပြားနေပါတယ်။ ဒါပေမယ့် ဒီလို ကြိုးကိုင်ကောင်တွေ ပျံ့နှံ့နေတဲ့အချိန်မှာ လူသားမျိုးစိတ်တစ်ခုပဲ သက်ရောက်မှု မခံရဘူးဆိုရင် လုံးဝမဖြစ်နိုင်ပါဘူး။ ကမ္ဘာနဲ့ပတ်သတ်တဲ့ ကျနော်တို့ အတွေးကို ထိန်းချုပ်နိုင်တဲ့ ဒီစွမ်းရည်ဟာ ကပ်ပါးကောင်တွေကို အံ့အားသင့်ဖို့ ကောင်းစေတယ်လို့ ထင်ပါတယ်။ သူတို့က ကျနော်တို့ကို သဘာဝလောကကို ဘေးတိုက်ကြည့်ဖို့ရယ် ပြီးရင် ကျနော်တို့မြင်နေတဲ့ အမှုအကျင့်တွေက ရိုးရှင်းသိသာတာတွေလား ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ရပ်ကြောင့်မဟုတ်ဘဲ တစ်ခုခုကြောင့် ထိန်းချုပ်ခံနေရလို့ ပဟေဠိဆန်ပြီးရှုပ်ထွေးနေလားဆိုပြီး မေးခွန်းထုတ်ဖို့ ဖိတ်ခေါ်နေပါတယ်။ အဲ့ဒီအတွေးက ချောက်ချားဖို့ကောင်းပေမယ့် ကပ်ပါးကောင်တွေရဲ့လုပ်ရပ်တွေက ရက်စက်ပေမယ့် ကျနော်တို့ကို အံ့အားသင့်နိုင်စေတဲ့ စွမ်းရည်က သူတို့ကို ပန်ဒါ၊ လိပ်ပြာ၊ လင်းပိုင်တွေလို ထူးခြားစေတယ်လို့ ကျနော်ထင်ပါတယ်။ "On the Origin of Species" အဆုံးမှာ Charles Darwin က သက်ရှိရဲ့ အံ့မခန်းဖွယ် မကုန်ခမ်းနိုင်တဲ့ အလှတရားတွေရဲ့ အကြောင်းကို ရေးသားထားပါတယ်။ ပုစွန်ဆိတ်ကို ဖော်ရွေစေတဲ့ တုပ်ပြားကောင်အကြောင်း ပိုးဟပ်ကိုလမ်းလျှောက်ထွက်တဲ့ နကျယ်ကောင်အကြောင်း လွယ်လွယ်ပြောနိုင်မှာပါလို့ တွေးချင်ပါတယ်။ ဒါပေမယ့် အဲ့ဒါက ကပ်ပါးကောင် စကားပြောနေတာဖြစ်နေမှာပါလေ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံ)