ကျွန်တော်တို့ဟာ ကိုယ့်ကိုကိုယ် ကမ္ဘာကြီးအား ထုတ်ပြောကြပါတယ်။ ကျွန်တော်တို့ ပြောင်းလဲမှုတွေ အကြောင်းကို ပြောကြသလို မပြောဘဲလည်း နေနိုင်ကြတယ်။ အလားအလာ အသစ်တွေ၊ ပြီးတော့ ကျွန်တော်တို့ အတွက်ရလဒ်အသစ် အကြောင်း ဖြစ်နိုင်ပါတယ်။ TED ဟာ ဖြန့်ဝေဖို့ ကောင်းတဲ့ အတွေးအခေါ်တွေ အကြောင်းပါ၊ ဒါပေမဲ့ ၎င်းဟာ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် သတိပေးဖို့ရမယ့် အတွေးအခေါ် ပါဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်၊ ဒီနေ့ပြောမှာက အဲဒီ အကြောင်းပါ။ ကျွန်တော်တို့ တော်တော်များများက သိကြတယ်၊ သိခဲ့ကြတယ်၊ ဒါပေမဲ့၊ တဖြည်းဖြည်းနဲ့ အဲဒါကို မေ့သွားခဲ့ကြတဲ့ အကြောင်း တခုပါ။ တကယ်တော့ အဲဒါကို မေ့လွယ်ပါတယ်၊ ကျွန်တော်တို့က အဲဒါကို နဖူးတွေ့ ဒူးတွေ့ မမြင်ကြရလို့ပါ၊ သိပ်ကို ထင်ရှားလွန်းလို့ ကျွန်တော်တို့ မေ့သွားနိုင်ကြပါတယ်။ ဒီနေ့ ကျွန်တော်က ခင်ဗျားတို့ကို တင်ပြချင်တာက ခင်ဗျားတို့ကို ပြန်ပြီး မိတ်ဆက်ပေးချင်တဲ့ ပြန်ပြီး သတိပေးချင်တဲ့ အတွေးအခေါ်က - အဲဒီမှာ ဒင်္ဂါးစေ့လိုပဲ တူညီတဲ့ ဘက်နှစ်ဘက် ရှိပါတယ်၊ အားကောင်းလှတဲ့ တခုတည်းသော အတွေးအခေါ်ရဲ့ ဘက်နှစ်ဘက်ကိုပါ၊ ပြီးတော့ ခင်ဗျားတို့ အနေနဲ့ ဒီနေ့ဒီကနေပြီး ထွက်သွားကြတဲ့ အခါမှာ အဲဒါကို ခင်ဗျားတို့ရဲ့ ဘဝထဲမှာ ပိုပြီး အသိစိတ်ပါပါ ရည်ရွယ်ချက်ဖြင့် ကျင့်သုံးကြမယ်လို့ မျှော်လင့်ချင်ပါတယ်။ ဒီခန်းမကြီးထဲ ထိုင်နေကြတဲ့ လူတွေအားလုံးကို မေးလိုပါတယ်၊ "ဘာသာစကား ဆိုတာ ဘာလဲ? ဘာသာစကားဟာ ဘာ့အတွက်လဲ?" အဲဒါကို ဧရာမ အများစုက ဘယ်လိုများ ဖြေကြမယ် ထင်ပါသလဲ? ဆက်သွယ်ပြောဆိုဖို့ ကိရိယာ တခု ဒါမှမဟုတ် အဲဒါမျိုးဆန်ဆန်ပါ။ အဲဒါဟာ လူတွေအားလုံး လက်ခံထားတဲ့ အတွေးအခေါ်ဖြစ်တယ်၊ ဒါမှမဟုတ် ဘာသာစကားကို နားလည်မှုလည်း ဖြစ်နိုင်ပါတယ်၊ လူအများစုက အဲဒါကို အတွေးအခေါ် တခုရယ်လို့ မြင်ကို မမြင်ကြပါ။ ကျွန်တော်တို့ဟာ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အချက်တချက် အဖြစ် မြင်ကြပါတယ်။ ကျွန်တော် ကမ်းလှမ်းချင်တာက - ဘာသာစကားဟာ ကိရိယာ တခုဖြစ်ရင်၊ အဲဒါကို ချပစ်မရနိုင်ပါ။ ကျွန်တော်တို့က ပိုပြီး နီးကပ်စွာ လေ့လာကြည့်မယ်ဆိုရင်၊ ကျွန်တော်တို့ဟာ ဘာသာစကားဖြင့် တော်တော်များများကို လုပ်ကိုင်ကြပါတယ်၊ ဆက်သွယ်ပြောဆိုမှု နဲ့ ဖေါ်ပြမှုထက် များစွာ ပိုပါတယ်။ ဒီတော့ နံပါတ်တစ် အချက်က- ဘာသာစကားဟာ ဖေါ်ပြမှုသက်သက် မကဘဲ ဖန်တီး ထုတ်လွင့်ပေးတတ်ပါတယ်။ ဥပမာ တချို့- ခင်ဗျားတို့ရဲ့ ဘဝထဲက အချိန်ကာလ တခုခုကို စဉ်းစားကြည့်ကြပါ၊ ခင်ဗျားတို့က "ဟုတ်ကဲ့"လို့ ပြောခဲ့ရတဲ့ အချိန်မျိုးပါ။ ပြောခဲ့ရတဲ့ အခါတိုင်းကိုပါ။ အခု စဉ်းစားဖို့လိုတာက - အကြိမ်တိုင်းမှာ ခင်ဗျားတို့က မဟုတ်လို့ ဖြေခဲ့ရင်၊ ခင်ဗျားတို့ရဲ့ ဘဝဟာ တမျိုး ပြောင်းသွားခဲ့မှာလား? ခင်ဗျားတို့ဟာ ဒီမှာ ထိုင်နေကြမှာ မဟုတ်ပါဘူး။ ဟုတ်ကဲ့လို့ ပြောလိုက်ရုံနဲ့ ခင်ဗျားတို့ အားလုံးကမ္ဘာကြီးထဲမှာ လှုပ်ရှားနေခဲ့ကြတယ်၊ တံခါးတချို့ ပွင့်လာခဲ့ကြတယ်၊ တံခါး တချို့ ပိတ်သွားခဲ့ကြတယ် စသဖြင့်ပေါ့လေ။ ဒီတော့ အဲဒါဟာ ဖေါ်ပြမှု သက်သက် မဟုတ်တော့ပါ။ ဘာသာစကားရဲ့ ဖန်တီးနိုင်စွမ်း အကြောင်း လှပတဲ့ အဖြစ်အပျက် တခုက ဘေ့စ်ဘော ဖြစ်ရပ် တခုပါ။ ဒိုင်လူကြီး နှစ်ယောက်တို့ ထိုင်စကား ပြောနေခဲ့ကြရာ၊ တယောက်က၊ "ခင်ဗျားသိလား၊ Joeဟာ အံ့အားသင့်စရာ ဒိုင်လူကြီးပဲ၊ သူရိုက်သွင်းလိုက်တဲ့ ဘောလုံးတွေကို သူက ခေါ်ချင်သလို ခေါ်နိုင်တယ်။" နောက် ဒိုင်လူကြီးကျတော့၊ "မဟုတ်သေးပါဘူး၊ Joe ဟာ ပြောင်မြောက်တဲ့ ဒိုင်လူကြီးပါ။ သူရိုက်သွင်းလိုက်တဲ့ ဘောလုံးတွေကို သူခေါ်ပုံက အဲဒါတွေကို မြင်နေရသလိုပါပဲ။" Joe ကိုယ်တိုင် ရောက်လာပြီး ပြောလိုက်တာက၊ "ခင်ဗျားတို့ နှစ်ယောက်စလုံး မှားတယ်။" "ကျွန်တော် သွင်းလိုက်တဲ့ ဘောလုံးရှိပေမဲ့ ကျွန်တော် မပြောမီ အဲဒါဘာမှ မဟုတ်သေးပါဘူး။" (ရယ်မောသံများ) သူက "သွင်းလိုက်ပြီ သုံးလုံး" ပြောလိုက်ရင် အဲဒါဟာ " သုံးလုံး ရိုက်သွင်းမှုပါပဲ"။ အခု မေးမယ့် မေးခွန်းက လူတိုင်းအတွက်ပါ လက်ထပ်ပြီးသူ၊ လက်မထပ်ရသေးသူ အတွက်ပါ။ မေးခွန်းက ရိုးရိုးလေးပါ- လက်ထပ်ပြီးသူ နဲ့ လက်မထပ်ရသေးသူ တို့အကြား ခြားနားချက် ရှိသလား? ရှိတာပေါ့။ ဥပဒေ အရရော၊ လူမှုရေးအရပါ၊ လိင်ဆက်ဆံမှု၊ စိတ်ခံစားမှု၊ ငွေရေးကြေးရေး ကွာခြားပါတယ်။ မတူကွဲပြားပါတယ်။ ဆက်မေးချင်တဲ့ မေးခွန်းက။ ကျွန်တော်တို့ဟာ လက်မထပ်ရသေးသူ ကနေပြီး ဘယ်လိုလုပ် လက်ထပ်သူ ဖြစ်လာကြတာလဲ? အဲဒါ ဘယ်လိုများ ဖြစ်လာနိုင်တာလဲ? တယောက်က တခုခု ပြောလိုက်တယ်။ အဲဒါနဲ့ အဲဒီအချိန်ကာလမှ ခြားနားသွားပြီ၊ ပြီးတော့ နည်းနည်းပါးပါး မဟုတ်ဘဲ တကယ့်ကို ခြားနားချက်ကြီးပါ။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးအား ထုတ်ပြောဆိုကြရပါတယ်။ အမေရိက ပြည်ထောင်စု ဆိုတာကို ဘယ်လိုများ ဖန်တီးခဲ့ကြတာလဲ? ဝါရှင်တန် ဒီ၊ စီ၊ မြို့တော်ထဲက မော်ကွန်း ဌာနမှာဖွဲ့စည်းပုံ အခြေခံဥပဒေကြီ အပြင် ဘာတွေများ ရှိပါသေးလဲ? ကြေညာစားတမ်းကြီးပါပဲ။ နိုင်ငံတော်ရဲ့ ရပ်တည်မှုကို ကြေညာပေးလိုက်ပါတယ်။ အဲဒီနောက်မှာ လုပ်စရာတွေ ရှိခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့၊ ကြေညာစာတမ်းသာ မရှိခဲ့ရင် အဲဒီလို ဖြစ်လာခဲ့မှာ မဟုတ်ပါ။ ဒီလမ်းပေါ်က Jim's Auto Body Shop ကိုရော ဘယ်လို ဖန်တီးခဲ့တာလဲ? ပြီးတော့ အဲဒါ့အတွက် ဘယ်လို စည်းရုံးလုပ်ကိုင်ခဲ့ကြရတာလဲ? သူတို့ဟာလည်း ကြေညာမှုရဲ့ နောက်မှာ ပေါ်ပေါက်လာခဲ့ကြတာပါ၊ Jim တင်မက၊ ကျွန်တော်တို့ကပါ သူတို့ရဲ့ ဖိုင်တွဲအခန်းထဲမှာ လေ့လာကြည့်ကြမယ်ဆိုရင်၊ "ကျွန်တော်တို့ အစုရှယ်ယာရှင် က၊ ခ၊ ဂ၊ တို့က ကြေညာလိုက်ကြသည်။ ဩဂုတ် ၁ ရက်နေ့ မှာ မရှိခဲ့ဘူး၊ ဩဂုတ် ၂ ရက်မှာ ပေါ်လာခဲ့တယ်။" ခေါင်းဆောင်တွေဟာ ထိထိရောက်ရောက် ဆွေးနွေးပြောဆိုဖို့ လခ ကောင်းကောင်း ရကြတယ်။ ခေါင်းဆောင်တွေကို ထိမရနိုင်ပေမဲ့ တကယ့်ကို ထက်မြက်တဲ့ အရာဖြစ်တဲ့ ကော်ပိုရေးရှင်း ယဉ်ကျေးမှုဆိုတာကို ပြုစုပျိုးထောင်ပေးကြကာ ထိန်းသိမ်းထားပေးတဲ့ သူတွေပါ၊ , ပေါက်ပြားတွေနဲ့ ဓာတ်မြေဩဇာတွေနဲ့ လုပ်ကြတာ မဟုတ်ဘဲ၊ သူတို့ ပြုလုပ်ကြတဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ သူတို့ လိုအပ်ကြတဲ့ ဆွေးနွေးပြောဆိုမှုတွေ၊ သူတို့အဖွဲ့အစည်းထဲ ဆွေးနွေးမှုကို တားမြစ်ခြင်းဖြင့် ဆောင်ရွက်ကြတာပါ။ အဲဒီလို ဆွေးနွေးပြောဆိုမှုတွေဟာ ခုနကပြောတဲ့ ယဉ်ကျေးမုကို ပုံသွင်းပေးပါတယ်၊ အဲဒီယဉ်ကျေးမှုက လုပ်ငန်းခွင်ထဲက ဆွေးနွေးမှုတွေကို အကျိုးသက်ရောက်နိုင်လို့ပါ။ ကြောင်းကျိုးဆက်နွှယ်မှုဆိုတာ နှစ်မျိုး ရှိတတ်ပါတယ်။ အခုတော့ ကိုယ်ရေးကို ယူကြည့်ပါမယ်။ ခင်ဗျားတို့ဘဝထဲက လူတယောက်ကို စဉ်းစားကြည့်ပါ သိပ်ကို နီးစပ်ကာ၊ နက်ရှိုင်းလျက် သိပ်ကောင်းတဲ့ ဆက်ဆံမှု ရှိသူကိုပါ။ အဲဒီလူနဲ့ ခင်ဗျားရဲ့ စကားပြောဆိုမှုဟာ ရင်းနှီးတဲ့ အတွေ့အကြုံကို ဖန်တီးပါတယ်၊ စစ်မှန်တဲ့ ဝန်းကျင်မျိုးကို၊ ထိခိုက်လွယ်တဲ့ ခံစားမှုကို ဖန်တီးတာပါ၊ ဖေါ်ပြမှု မဟုတ်ပါ။ ခင်ဗျားတို့ရဲ့ အဲဒီလို ပြောဆိုမှုတွေ ပြောင်းလဲသွားတယ်ဆိုရင်၊ ခင်ဗျားဟာ အဲဒီ ဆက်ဆံမှုတွေကို ပြောင်းလဲပစ်လိုက်တာပါပဲ။ ခင်ဗျားတို့က အဲဒီလို ပြောဆိုမှုတွေ အဆုံးသတ်လိုက်ရင်၊ ခင်ဗျားဟာ အဲဒီ ဆက်ဆံမှုတွေကို အဆုံးသတ်လိုက်တာပါ။ လက်ထပ်ခြင်းကိစ္စဆီကို ပြန်သွားကြရအောင်၊ လက်ထပ်ပွဲ အများစုတို့ထဲမှာ "ဒီမှာ ရှိကြသူတွေထဲတွင် ဘယ်သူတို့ဟာ လက်မထပ်သင့်ဘူးလို့ ထင်သူ ရှိပါသလား? အခု ပြောပါ၊ ဒါမှမဟုတ်ရင် ငြိမ်းချမ်းစွာ ရှိနေကြပါစေ" ဆိုတဲ့ စကားလုံးမျိုးကို မေးလေ့ ရှိတတ်ပါတယ်။ ကျွန်တော် စိတ်ထင် ဒီလို ဖြစ်နိုင်ပါတယ်၊ တယောက်က ထရပ်လိုက်ကာ၊ "ကျွန်ုပ် ကန့်ကွက်ပါတယ်!" အဲဒါဟာ ဖေါ်ြပမှု မဟုတ်တော့ပါ၊ ထိုသူဟာ ဖန်တီးနေသူပါ။ (ရယ်မောသံများ) အဲဒါကို စဉ်းစားကြည့်ကြပါ။ ထိုသူဟာ ပရမ်းမတာ ဖြစ်အောင်၊ အကြပ်အတည်းဖြစ်အောင် လုပ်နေတာပါ၊ အဲဒီလိုနည်းဖြင့် ထိုသူဟာ လက်ထပ်သူနဲ့လည်း ဆက်ဆံရေး အသစ်ကို ဖန်တီးနေခြင်းပါပဲ။ အဲဒါကို စဉ်းစားကြည့်ကြပါ။ ပြီးတော့ ထိုသူဟာ လုံးဝအသစ်ဖြစ်တဲ့ ချောက်ထိုးသမား နာမည်ကို ရလာမှာ သေချာတယ်။ (ရယ်မောသံများ) ကျွန်တော်တို့ဟာ ဖေါ်ပြဖို့အတွက် ဘာသာစကားကို မသုံးကြဘူးလို့ ကျွန်တော် မဆိုလိုပါ။ ကျွန်တော်တို့ လုပ်ကြတာ အားလုံး အဲဒါဘဲ မဟုတ်တာကို ပြောနေတာပါ။ ဒီတော့ ကျွန်တော်တို့ လုပ်ကြတဲ့ အားလုံးထဲမှာ မပါတဲ့ အကြောင်းကို ပြောနေတာပါ။ သုံးသပ်ထိုက်တဲ့ အရာတွေပါပဲ။ နောက် သာဓက တခုပြပါဦးမယ်။ အားလုံး တချိန်လုံး ပြောင်းလဲနေတဲ့ ခေတ်ထဲမှာ ကျွန်တော်တို့ နေထိုင်နေရတဲ့ ဒီခေတ်ထဲမှာ၊ တချိန်လုံး သင်ယူနိုင်တဲ့ ကျွန်တော်တို့ရဲ့ စွမ်းရည်ဟာ သေရေးရှင်ရေး အရေးကြီးလှတယ်။ အဲဒီလို သင်ယူနိုင်ဖို့အတွက် အံ့အားသင့်စရာ အကောင်းဆုံး မရှိမဖြစ်လိုအပ်တဲ့ အချက်က၊ ကျွန်တော်တို့ဟာ စက်ဘီးစီး သင်ချင်တာလား၊ ဆက်ဆံရေး တခုကို ပြန်ပြီး ထူထောင်ရေးကို၊ ဒါမှမဟုတ် ကုမ္ပဏီဦးဆောင်ရေးကို သင်ချင်လား၊ မရှိမဖြစ် လိုအပ်ချက်က ဘာသာစကား အဆင့်ပါ၊ သင်ယူလိုသူက စိတ်ထဲမှာဖြစ်စေ ကျယ်လောင်စွာဖြစ်စေ "ကျွန်တော် မသိဘူး။" ပြောမှုပါပဲ။ "ကျွန်တော် မသိဘူး။"ဆိုတဲ့ ကြေညာချက်က အခြေအနေ တခုခုကို ပြနေတာ မဟုတ်ပါ၊ အဲဒါဟာ တစုံတခုကို ထုတ်လုပ်လိုက်ပါတယ်။ အဲဒါက ထုတ်လုပ်ပေးလိုက်တာက သင်ယူမှုနဲ့ ဆက်နွှယ်နေပါတယ်၊ ရုပ်ပိုင်းအရ မဟုတ်ပေမဲ့၊ တကယ့်ကို ရှိတဲ့ အရာပါ။ ကျွန်တော်တို့ဟာ တခုခုကို စတင်ချင်ရင် စတင်လိုက်တာကို ကြေညာကြရပါတယ်။ ကျွန်တော်တို့ဟာ အဲဒါကို ထုတ်ပြောကြပါတယ်။ စောစောပိုင်းက ဒိုင်လူကြီးတွေလိုပါပဲ။ ဒီမှာ ရှိနေတဲ့လူတိုင်း ဒါကို သိကြမှာပါ၊ ဒီအခန်းထဲက ဘယ်သူကများ အားလုံးသိနှင့်နေလို့ ယူဆတဲ့ လူတွေကို တစုံတခု သင်ဖို့ ကြိုးစားခဲ့ဘူးပါသလဲ? သင်ယူဖို့ အတွက် အချိန် ဘယ်လောက် ကြာတတ်သလဲ? သိပ်မကြာပါ။ ဒီတော့ နံပါတ် တစ်အချက်က- ဘာသာစကားဟာ ဖေါ်ပြမှု သက်သက်မဟုတ်ဘဲ ဖန်တီးပါတယ်၊ ထုတ်လုပ်ပေးပါတယ်။ နံပါတ် နှစ်အချက်က- ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်ကြရတာပါ။ ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်ကြတာပါ။ ကောင်းပြီ၊ ခုနက ပြောလိုက်တာက ဘာကို ဆိုလိုတာပါလိမ့်? ကျွန်တော်ဟာ အဲဒါကို ဒီလို ပုံစံနဲ့ ပြောချင်တယ်။ ဒီအခန်းထဲမှာ ထိုင်နေကြတဲ့ သူတွေအထဲက အတွင်းပိုင်း အသံကလေး ရှိသူတွေက ဘယ်သူလဲ? အဲဒါက "ဒီလူ ဘာတွေ ပြောနေတောလဲ?" လို့ ဆိုနေပါလိမ့်မယ်။ ကျွန်တော် ပြောနေတာက အဲဒီအကြောင်းကိုမှပါ။ စကားရည်လုပွဲထဲ ပါဝင်တဲ့ လူတွေ ရှိကြလား? (ရယ်မောသံများ) ကျွန်တော် ကိုးကားညွှန်းပြီး ပြောရာတွင် အကြိုက်ဆုံးသူက Mark Twain ပါပဲ။ "ကျွန်တော်ဟာ အမြဲတမ်း စကားပြောဆိုနေတတ်တယ်။ တခါတလေ ဒီပြင်လူတွေလည်း ပါကြတယ်။"လို့ သူမိန့်ကြားခဲ့ဘူးတယ်။ (ရယ်မောသံများ) အဲဒါကို Mark Twain တင်မကပါ၊ ကျွန်တော်တို့ အားလုံး လုပ်ကြတာပါ။ ကျွန်တော်တို့ အားလုံးပါပဲ။ ကျွန်တော်တို့ဟာ ဘာသာစကားထဲတွင် နေထိုင်နေကြရတော့ ဒီလို လုပ်ကြပါတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ အားလုံးတို့ဟာ တချိန်လုံး အရေးအခင်းတွေကို ရင်ဆိုင်ကြရတယ်။ အိမ်မှာ၊ အလုပ်မှာ၊ ကျွန်တော်တို့ရဲ့ ကလေးတွေနဲ့ အရေးအခင်းတွေ ရှိတယ်၊ ကောလိပ်ထဲက အရေးအခင်းတွေ၊ ကမ်းခြေက အရေးအခင်းတွေ အရေးအခင်းတွေချည်းပါပဲ။ ဒီတော့ လူသားဖြစ်ကြတဲ့ ကျွန်တော်တို့က အရေးအခင်းတွေအကြောင်း ပုံပြင်တွေ ဖွဲ့ကြတယ်၊ အဲဒီပုံပြင်တွေဟာ မှန်ကန်တယ်လို့ ကျွန်တော်တို့ ထင်မှတ်ကြတယ်၊ အဲဒါတွေကို ရေးဖွဲ့ခဲ့ပုံကို ကျွန်တော်တို့ဟာ မေ့သွားတတ်ကြပါတယ်။ (ရယ်မောသံများ) ခုနက ကျွန်တော်က "ပုံပြင်"လို့ ပြောလိုက်တာ လုပ်ကြံ ပြောဆိုမှု၊ တမင်ကို တမျိုးကြံဖန် ပြောဆိုမှု ဒါမှမဟုတ် ကိုယ့်ကိုလှည့်ဖြားမှုကို ဆိုလိုတာ မဟုတ်ပါဘူး။ အဲဒါဟာ အဓိပ္ပါယ်ဖွင့်ဆိုမှု သက်သက်ပါ။ ကိုယ့်ရဲ့ ရှင်းလင်းချက်ပါ။ ဒီနေရာမှာ ကျွန်တော်တို့ အသေအချာ မှတ်မိနေရမှာက အရေးအခင်းဟာ ရှင်းလင်းချက်နဲ့ မတူညီခြင်းကိုပါပဲ။ အရေးအခင်းဟာ ရှင်းလင်းချက်နဲ့ မတူညီပါ။ ဥပမာ တခု- ခင်ဗျာ့ ကလေးဟာ ကျောင်းကနေ အိမ်ကို ပြန်လာတယ်၊ ခင်ဗျားရဲ့ မျက်လုံးများဆီ တည့်တည့်ကြည့်လျက် "ကျွန်တော် မိုက်လိုက်တာ။" "မင်းဘာကို ပြောနေတာလဲ?" "ကျွန်တော် မိုက်လိုက်တာ"ကဘာလဲ။ "မင်းဘာကို ပြောနေတာလဲ?" "ကျွန်တော် ကျွန်တော့ အင်္ဂလိပ်စာ စာပေးပွဲမှာ F ရခဲ့တယ်။" အဲဒီ ဥပမာ သေးသေးလေးထဲမှာ အရေးအခင်းက ဘာလဲ? စာမေးပွဲမှာ အမှတ် F ရမှုပါ။ အဲဒါ့အတွက် ရှင်းလင်းချက်က ဘာများလဲ? "ကျွန်တော် မိုက်လိုက်တာ" မေးခွန်းက အဲဒီကလေးဟာ အဲဒီလို စကားပြောဆိုမှု ထဲတွင် အကြာကြီး နေထိုင်နေရရင်၊ အဲဒါဟာ ဖေါ်ြပချက်လား၊ ဒါမှမဟုတ် ဖန်တီးချက်လား? အဲဒါဟာ ဖန်တီးချက်ပါ။ အခုတော့ ခုနက စားမေးပွဲ အမှတ် F ဆီမှ ပြန်လာလျက် ပိုကျယ်ပြန့်စွာ စဉ်းစားကြပါစို့။ ခင်ဗျားတို့က ဒီလောကကြီးထဲမှာ တကယ် လုပ်ဖြစ်တဲ့ လုပ်ရပ်တွေကို လက်တွေ့မှာ ပိုပြီး ဩဇာသက်ရောက်ခဲ့တာက ဘဝထဲက ဖြစ်ရပ်တွေလား ဒါမှမဟုတ် အဲဒီဖြစ်ရပ် များအား ရှင်းပြခဲ့ပုံတွေကများလား? ရှင်းပြပုံတွေ အရေးပါကြတာပါ။ ပြီးတော့ လောကကြီးထဲမှာ ကျွန်တော်တို့ လက်တွေ့ လုပ်ကိုင်ကြတာတွေသာမက၊ ကမ္ဘာပေါ်မှာ ရလဒ်များလို ခေါ်ကြတဲ့ အရာတချို့ကို ထုတ်လုပ်ကြပါသေးတယ်၊ မျက်နှာစာ အများအပြားနှင့် သက်ဆိုင်ကြတဲ့ ရလဒ်တွေပါ။ ဟုတ်ပါတယ်။ အဲဒါတွေ အတွက် ရှင်းပြချက်ကမှ စေ့ဆော်ချက်ပါ၊ ဖြစ်ရပ်တွေ မဟုတ်ကြပါ။ ဘယ် ဖြစ်ရပ်ကိုပဲ ယူကြည့်ကြည့်၊ ရှင်းပြချက်တွေ ဘယ်လောက်များ ရှိနိုင်ကြပါသဲ? မရေမတွက်နိုင်အောင် များနိုင်ပါတယ်။ ကျွန်ုပ်တို့ဟာ အကျင့် တခုကို ပြောင်းလဲပစ်နိုင်ကြမယ်ဆိုရင်ကော? ကျွန်တော်တို့ ဒါမှမဟုတ် အခြားသူတွေရဲ့ ရှင်းပြချက်ဟာ မှန်တယ်၊ မှားတယ်လို့ ချက်ချင်း ပြောလေ့ ရှိကြတဲ့ အကျင့်ကို ပြောင်းလဲနိုင်ကြမယ်ဆိုရင်ကော? "ကျွန်တော့ ရှင်းပြချက် မှန်တယ်၊ ခင်ဗျားဟာ မှားနေတယ်၊ ဒါ မှန်တယ်၊ ဟိုဟာ မှားတယ်။" ကျွန်တော်တို့ဟာ အဲဒါမျိုးကို ရပ်စဲပစ်လိုက်ကြကာ၊ အဲဒါအစား 'အားကောင်းတယ်- အားနည်းတယ်'ဆိုပြီး သုံးနှုံးကြမယ် ဆိုရင်ကော။ အဲဒီလိုဆိုရင် အဲဒါဟာ ဒီလို အသွင်မျိုး ဆောင်ပါမယ်- ခင်ဗျားရဲ့ ရှင်းလင်းချက်ဟာ၊ ခင်ဗျားက လိုချင်တဲ့ ရလဒ်ကို ကြည့်ပြောရင်၊ 'အားကောင်းသလား- အားနည်းသလား? ကျွန်တော့ရဲ့ ရှင်းပြချက်ဟာ ကျွန်တော့ကို အကျိုးပြုလား အကျိုးမပြုဘူးလား၊ ကျွန်တော် ဖြစ်စေချင်တာကို ထည့်တွက်ပြီး၊ ဒါမှမဟုတ် လက်ရှိ အခြေအနေမျိုးထဲတွင်၊ လက်ရှိ ဆက်ဆံမှုထဲတွင် ပေါ့လေ? အမြဲတမ်းပဲ "ကျွန်တော် လိုချင်တဲ့ ရလဒ်တွေကို ထည့်တွက်ကြည့်ရင်" ဆိုတာ တွဲပြီး ပါရန်လိုပါတယ်၊ လေဟာနယ်ထဲမှာ မဟုတ်နိုင်ပါ။ လေဟာထဲမှာ ဘယ်တော့မှ မဖြစ်နိုင်ပါ။ ကျွန်တော်တို့က အဲဒီလို လုပ်နေကြလို့ပါ။ အဲဒါကို လုံးဝသံသယ ရှိစရာ မရှိနိုင်ပါ။ ကျွန်တော်တို့ဟာ Mark Twain အတိုင်းပါပဲ။ ခင်ဗျားတို့ဟာ အဲဒီလို လုပ်နေလျက်သားနဲ့ ကိုယ့်ကိုယ်ကို မမြင်သူကို တွေ့ခဲ့ဖူးသလား? ဒါဟာ မိမိရဲ့ အသိစိတ်နှင့် ဆက်စပ်နေလို့ပါ။ ကျွန်တော်တို့က အဲဒီလို လုပ်ကြခြင်းက ပြဿနာ မဟုတ်ပါ။ ပြဿနာက ကျွန်တော်တို့ အဲဒီလို လုပ်နေကြတာကို မမြင်ကြခြင်းပါပဲ! အဲဒီလို လုပ်နေပေမဲ့ ကိုယ့်ကိုယ်ကို မမြင်သူဟာ ဒီလို ပုံစံမျိုး ရှိပါလိမ့်မယ်။ ဒီမှာ ခင်ဗျားတို့ အားလုံးကို တွေ့မြင်ရတာဟာ အံ့အားသင့်စရာပဲ၊ ရှင်းနေတဲ့ အချက်က ခင်ဗျားတို့အားလုံးဟာ ခင်ဗျားတို့ရဲ့ အသက်၊ လူမျိုး၊ လိင်၊ ငယ်စဉ်တုန်းက ခင်ဗျားတို့ ခရီးဘယ်လောက် ထွက်ခဲ့လဲ၊ ဒါမှမဟုတ် မထွက်ခဲ့ဘူးလား၊ ပြီးတော့ ခင်ဗျားတို့ရဲ့ ယဉ်ကျေးမှု၊ ပညာရေး၊ နှင့် အလုပ်ဆိုင်ရာ နောက်ခံများ၊ လုပ်ငန်းအလိုက် ဆန်ခါတင်မှုတွေကြောင့် အရှိတရားကို လက်ခံမြင်ပုံ ကိုယ်စီ ဖြစ်ပါတယ်။ ကျွန်တော်ဟာ၊ အခြားတဘက်မှ ပြောရရင်၊ အာကာသ ထဲမှနေပြီး ကောင်းချီးမင်္ဂလာကို ရခဲ့သူပါ၊ တနည်းနည်းနဲ့ မွေးလာခဲ့လို့ ခုနက ပြောခဲ့တဲ့ အနှောင်အဖွဲ့တွေ မရှိခဲ့ဘူး၊ ခင်ဗျားတို့ အားလုံးကို ဝန်းရံလျက် ရှိနေတဲ့ သိမြင်မှု၊ စိတ်ခံစားမှု၊ ယဉ်ကျေးမှုဆိုင်ရာ ဆန်ခါတင်မှု ဝန်ကို မခံခဲ့ရဘူးလို့ ပြောနိုင်ပါတယ်။ ကျွန်တော့ မျက်လုံးတွေဟာ သန့်စင် ကြည်လင် ပြတ်သားလျက် ရှိနေကြလို့၊ ကျွန်တော်ဟာ သဘာဝ အရှိတရားကို ပကတိ အာကာသ ရှုဒေါင့်မျိုးမှ ဓမ္မဓိဌာန်ကျကျ ကြည့်ရှု မြင်ခွင့်ကို ပေးကြပါတယ်။ ကျွန်တော့ကို အဲဒီလို မွေးခဲ့လျက် ခုနက ပြောခဲ့တဲ့ ကောင်းချီး မင်္ဂလာကို ချီးမြှင့်ခဲ့ခြင်းဟာ ကျွန်တော့အတွက် တကယ့် ကံကောင်းမှုကြီးပဲ မဟုတ်ပါကလား? (ရယ်မောသံများ) (လက်ခုပ်တီးသံများ) ဒီနေရာမှာ အလုပ်ရုံ တခုမှာ ဖြစ်ခဲ့တာကို ပြောပြချင်တယ်၊ လူတယောက်က ကျွန်တော့ နောက် အခန်းထဲမှာ ရပ်နေရင် ပြောလိုက်တာက၊ "အကို၊ အကို၊ တကယ်ပဲ ဖြစ်လာပြီ! ကျွန်တော့ကို နားလည်တဲ့ လူက ပြောလိုက်တာပါ!" (ရယ်မောသံများ) "ဒီလို ကောင်းချီးမင်္ဂလာ ဝန်ပိနေတာ တယောက်တည်းလို့ ထင်နေခဲ့တာ! ဓမ္မဓိဌာန်ကျကျ မြင်နိုင်သူ ကျွန်တော် တယောက်တည်းပဲ!" လူတိုင်းလူတိုင်းဟာ ဘယ်အရာကိုမဆို ကိုယ့်နည်းကိုယ်ဟန်နဲ့ ဖွင့်ဆိုကြတာချည်းပါပဲ ခြွင်းချက် မရှိပါဘူး။ ကျွန်တော့ ဆရာသမား တယောက် မိန့်ကြားခဲ့ဘူးတာက၊ "မိန့်ကြားချက်တိုင်းကို တယောက်ယောက်က ပြောခဲ့တာချင်းပါပဲ"တဲ့။ (ရယ်မောသံများ) အဲဒါကို စဉ်းစားကြည့်ကြပါ။ တနေရာရာမှာ မွေးလာခဲ့သူဟာ၊ ယဉ်ကျေးမှု တခုခုထဲ၊ ခေတ်ကာလ တခုခုထဲတွင်၊ လူသားတွေ ဝန်းရံလျက် ပျိုးထောင် ပြုစုခဲ့ကြတာ ဖြစ်ပါမယ်၊ အဲဒီလူ တဦးချင်းဆီမှာ ကျွန်တော်တို့ အားလုံးလိုပဲ၊ စံနှုန်းတွေ၊ အမှတ်အသားတွေ၊ တန်ဖိုးတွေ၊ လုပ်ကိုင်နည်းတွေ၊ အတွေ့အကြုံတွေ၊ စိတ်နေစိတ်ထားတွေ ကိုယ်စီ ရှိခဲ့ကြမှာပါ။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံး သိထားရမယ့် အကျိုးအကြောင်း ဆက်စပ်နေမှုက- ခင်ဗျားတို့ဟာ ဒီလို လုပ်နေတာကို၊ ရှင်းပြချက်တွေ ထုတ်ပြန်နေတာကို၊ တချို့သူတွေကျတော့ ဘယ်လိုပဲ လုပ်ကိုင်နေကြစေကာမူ၊ သူတို့ လိုချင်ကြတဲ့ အရေးကြီးတဲ့ ရလဒ်တွေ ဖြစ်ထွန်းမလာဘူးဆိုရင်၊, အဲဒီလို သူတွေအတွက် ပိုပြီး အားကောင်းတဲ့ အဓိပ္ပါယ်ဖွင့်ဆိုနည်းကို ကမ်းလှမ်းမှုဟာ ဘယ်လိုမှ အကျိုးမထူးနိုင်ပါ။ အဲဒါဟာ အဲဒီလိုသူတွေရဲ့ ရေဒါ မျက်နှာပြင် ဘေးမှ ဖြတ်ကျော်သွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့၊ ခင်ဗျားတို့က အခုဘာလုပ်နေမှန်း မသိဘူးဆိုရင်၊ မြှင့်တင်စရာရယ်လို့ ဘာမှ မရှိနိုင်လို့ပါ။ ခင်ဗျားတို့က တကယ့်လုပ်နိုင်ခဲ့ကြတာက စားပွဲမှ ထပြီး ထွက်လာခဲ့ကြတယ်၊ တကယ့်ကို အံ့အားသင့်စရာ မင်္ဂလာ ဆုံးဖြတ်ချက်ပါပဲ။ အဲဒီလို အဆင့်မျိုးမှာ ဝင်ပြီး စွက်ဖက်မယ်ဆိုရင် ခင်ဗျားတို့ဟာ ခင်ဗျားဆိုတဲ့ အထဲမှာ လက်တွေ့ အပြောင်းအလဲကို လုပ်နိုင်မှာပါ။ ကျွန်တော်တို့ဟာ ငါးတွေ ရေထဲ ကျင်လည်နေသလို ဘာသာစကားထဲမှာ ကျင်လည်နေကြရတာပါ။ ငါးဆိုတာ ရေထဲတွင် မွေးလာရတာ၊ ရေထဲမှာ နေထိုင်နေရတာပါ၊ ရေ၊ ရေ၊ ရေ။ မေးစရာက ငါးဟာ ရေထဲတွင် မွေးခဲ့ရကာ နေထိုင်နေရတာကို ဘယ်တော့မှာ သိလာမလဲ? အဲဒါကို ငါးဟာ ဘယ်တော့ သိလာရမလဲ? ငါးကို ရေထဲကနေပြီး ထုတ်ယူလိုက်တဲ့ အခါမှာပါ။ ကျွန်တော်တို့ဟာ ဘာသာစကားထဲ မွေးလာကြတယ်၊ နေထိုင်ကြတယ်၊ ဘယ်သွားသွား ဘာသာစကားချည်းပဲ။ ဒီနေ့ ကျွန်တော် အားထုတ်နေတာက နေရာတခုကို ဖန်တီးကြမယ်၊ အဲဒီမှာ ဘာသာစကားထဲ နေထိုင်ကြမယ့် အစား ၎င်းကို သုံးသပ်ကြမယ်၊ အဲဒီလို ကျွန်တော်တုို့ဟာ ဘာသာစကားနဲ့ ပတ်သက်လာရင် ပိုပြီး အသိစိတ်နဲ့ လုပ်ကိုင်မယ်၊ ပြီးတော့ ဘာသာစကားလို့ ကျွန်တော်တို့ ခေါ်တဲ့ တီထွင်ရေး ထုတ်လုပ်ရေး စွမ်းပကားကို ပိုပြီး သိရှိနားလည်လျက် ပိုပြီးအကျိုးရှိရှိ အသုံးချလာကြဖို့ပါပဲ။ ကျွန်တော်တို့ဟာ၊ လူတိုင်းဟာ၊ ပုံပြင်များ၊ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊ ရှင်းပြချက်များ ယုံကြည်ချက်များဆိုတဲ့ ရဲ့ သမုဒ္ဒရာထဲတွင် ရေကူးနေကြသူတွေ ဖြစ်ကြလျက်၊ ဘာသာစကား ဆိုတာထဲတွင် နေထိုင်နေကြတာပါ၊ ပြီးတော့ လူအများစုဆိုရင် ဘာသာစကားကို ကျွန်တော်တို့ ဖန်တီးခဲ့တာကို မေ့နေကြပြီ။ လူတိုင်းဟာ၊ ပုံပြင်များ၊ ဖွင့်ဆိုချက်များ၊ ရှင်းပြချက် နဲ့ ယုံကြည်ချက် တချို့တို့ဟာ ကျွန်တော်တို့ သွားချင်တဲ့ဆီကို ဒီနေ့ ဒါမှမဟုတ် နက်ဖြန်တွင် ခေါ်မသွားနိုင်တာ လုံးဝ သေချာပါတယ်။ ကျွန်တော်တို့ဟာ စတင် တီထွင်ပေးခဲ့သူ ဖြစ်ကြတာကို မေ့နေကြသလိုပဲ၊ ကျွန်တော်တို့ဟာ ၎င်းကို ပြောင်းလဲခြင်း၊ မွမ်းမံခြင်း၊ ပုံစံပြောင်းခြင်း၊ မေ့ပစ်ရေး လုပ်ပိုင်ခွင့် နဲ့ အာဏာတွေ ကျွန်တော်တို့မှာ ရှိနေတာကိုလည်း မေ့သွားကြပါပြီ။ ဒီတော့ နံပါတ် တစ်က - ဘာသာစကားဆိုသည်မှာ ဖန်တီးနိုင်၊ ထုတ်လုပ်နိုင်ပါတယ်။ ပြီးတော့၊ နံပါတ် နှစ်က- ကျွန်တော်တို့ဟာ ဘာသာစကား စံနှုန်းများထဲ နေထိုင်ကြပါတယ်၊ ကျွန်တော်တို့ဟာ အစဉ်ပဲ တခုခုကို ဖန်တီး သို့မဟုတ် ထုတ်လုပ်နေကြပါတယ်၊ အဲဒါဟာ ကျွန်တော်တို့ လိုချင်တာမျိုး ဟုတ်တာ မဟုတ်တာပဲ ရှိနိုင်ပါတယ်။ ကျွန်တော်တို့က ဘဝထဲ အများဆုံး ရှာကြံတာ၊ ဖြစ်ချင်တာ၊ လုပ်ချင်တာ၊ ရှိလိုတာ ဘာများလဲ? အဲဒီလို မေးခွန်းများအတွက် ခင်ဗျားရဲ့ အဖြေက ဘယ်လိုပဲ ဖြစ်စေကာမူ၊ ဒီနေ့ ခင်ဗျားတို့ကို ပြန်သတိရစေလိုတာက ကိုယ့်ကိုယ်ကို ကမ္ဘာကြီးအား ထုတ်ပြောကြပါ။ ကျွန်တော်တို့ဟာ လူသားဖြစ်ကြတာ မဟုတ်ပဲ၊ လူသား ဖြစ်လာနေကြတာပါ။ ကျွန်တော်တို့ ဖြစ်လာနေကြတာပါ။ ဘယ်လိုမှ မဆုံးနိုင်တဲ့ သင်ယူကြီးပြင်းရေး၊ ဆင့်ကဲဖြစ်ထွန်းလာမှု ဆိုတဲ့ ကခုန်မှုထဲတွင်၊ ဘာသာစကားကို အဲဒီလို နားလည်မှုဟာ၊ ကိုယ့်ကိုယ်ကို အဲဒီလို နားလည်မှုဟာ အကောင်းဆုံး အထိုက်တန်ဆုံးပဲ ဖြစ်ကာ၊ သော့ချက်ကြီးပါပဲ။ ကျွန်တော် ခင်ဗျားတို့ကို ဖိတ်ကြားလိုပါတယ်၊ ခင်ဗျားတို့ ဒီကနေ ထွက်သွားကြတဲ့ အခါမှာ၊ ခင်ဗျားတို့ဟာ ကိုယ့်ကိုယ်ကို လေ့လာရာတွင်၊ ဘာသာစကား ဆိုင်ရာ ခင်ဗျားတို့ အမြင်ကို၊ ခင်ဗျားတို့ရဲ့ ဘဝအတွက် ခင်ဗျားတို့ ကိုယ်တိုင် ဖန်တီးနိုင်သူ ဖြစ်တယ်ဆိုတဲ့ ပိုပြီး မြင့်မားတဲ့ အသိစိတ်မျိုးဖြင့် နေထိုင်ကြရန် စိန်ခေါ်လိုပါတယ်။ (လက်ခုပ်တီးသံများ) ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)