ဒါကျွန်တော့်အဖိုးပါ။ ဒါကတော့ ကျွန်တော့်သားပါ။ ကျွန်တော်အဖိုးက ကျွန်တော်ငယ်ငယ်က သစ်သားလေးတွေနဲ့ အလုပ်လုပ်တတ်လာအောင် သင်ပေးခဲ့ဖူးပါတယ်။ အတွေးအခေါ် တစ်ခုကိုလည်း သင်ပြပေးခဲ့ဖူးပါတယ် ခင်ဗျ။ အဲဒါကတော့ သစ်ပင်တစ်ပင်ကို ခုတ်လှဲပြီး တစ်ခုခုဖြစ်လာအောင် ဖန်တီးတော့မယ်ဆိုရင် အဲ့ဒီသစ်ပင်ရဲ့ ဘဝကို ဂုဏ်ပြုပြီး တတ်နိုင်သမျှ လှလှပပလေး ဖန်တီးပေးပါတဲ့။ ကျွန်တော့်သားကတော့ နည်းပညာတွေ ကစားစရာတွေ ရှိနေသည့်တိုင် သစ်သားတုံးလေး တစ်တုံးကို မြင့်လာအောင် စီထားလိုက်ရင် တကယ့်ကို အံ့ဖွယ်အရာတစ်ခု ဖြစ်လာတတ်တာကို သတိမူစေခဲ့တာပေါ့။ ဒါတွေကတော့ ကျွန်တော်ဆောက်ခဲ့တဲ့ အဆောက်အအုံတွေပါ။ ဗန်ကူးဗါးနဲ့ နယူးယောက်မှာ ရှိတဲ့ရုံးတွေမှာ အခြေစိုက်ပြီးတော့ ကမ္ဘာတစ်လွှားမှာ အဆောက်အအုံတွေ ဆောက်ပါတယ်။ နေရာဒေသပေါ် လိုက်ပြီးတော့ အရွယ်အစားမျိုးစုံ ဟန်ပန်မျိုးစုံ အဆောက်အအုံတွေကို ကုန်ကြမ်းမျိုးစုံ သုံးပြီးဆောက်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ကျွန်တော်အမြတ်နိုးဆုံး ကုန်ကြမ်းကတော့ သစ်သားပါပဲ။ ဒီတော့ သစ်သားနဲ့ ပတ်သက်တဲ့ပုံပြင်ကို ကျွန်တော်ပြောပြပါ့မယ်။ သစ်သားကို ချစ်တဲ့ ကျွန်တော်ရဲ့ အကြောင်းပြချက် တစ်စိတ်တစ်ပိုင်းကတော့ ကျွန်တော့် သစ်သားအဆောက်အအုံထဲကို လူတွေဝင်လာတဲ့ အခါ သူတို့ရဲ့ တုံ့ပြန်မှုက တမူထူးခြားပါတယ်။ သံမဏိချာင်းကြီး ဒါမှမဟုတ် ကွန်ကရစ်တိုင်ကြီးတစ်တိုင်ကို လူတွေလာပြီး သိုင်းဖက်တာ တစ်ခါမှမတွေ့ဖူးပါဘူး၊ ဒါပေမယ့် သစ်သားအဆောက်အအုံမှာ အဲဒါကို ကိုယ်တိုင် မျက်မြင်ကြုံတွေ့ဖူးပါတယ်။ လူတွေ သစ်သားကို ထိတွေ့ကိုင်တွယ်ကြတဲ့ ပုံစံကို ကြည့်ပြီး အကြောင်းအရင်း တစ်ခုခုတော့ ရှိရမယ်လို့ ကျွန်တော်တွေးမိပါတယ်။ နှင်းပွင့်ချပ်လေးတွေလိုပဲ ကမ္ဘာ့ဘယ်နေရာမှာမဆို သစ်သား အစိတ်အပိုင်းနှစ်ခုကလည်း ဘယ်လိုမှ မတူညီနိူင်ဘူးပေါ့။ တကယ်ကို အံ့ဩစရာပါ။ ကျွန်တော်ကတော့ သစ်သားဟာ ကျွန်တော်တို့ရဲ့ အဆောက်အအုံတွေပေါ်မှာ မိခင်သဘာဝတရားကြီးရဲ့ လက်ဗွေရာတွေကို နှိပ်ပေးထားတာနဲ့ တူ့တယ်လို့ ယူဆချင်ပါတယ်။ လူသားတွေ တည်ဆောက်ဖန်တီးထားတဲ့ ပတ်ဝန်းကျင်မှာ ဒီအဆောက်အအုံတွေက တစ်ဆင့် ကျွန်တော်တို့နဲ့ သဘာဝတရားကို ချိတ်ဆက်လာတာက ဒီမိခင်သဘာဝတရားကြီးရဲ့ လက်ဗွေရာတွေပါပဲ။ အခုလက်ရှိ ကျွန်တော် ဗန်ကူးဗါးမှာ နေပါတယ်။ အနီးမှာ ၃၃ ထပ်စာလောက်အမြင့်ရှိတဲ့ သစ်တောကြီးတစ်ခုရှိပါတယ်။ ကမ်းရိုးတန်း တစ်လျှောက်ဆင်းလာပြီး ဒီ ကယ်လီဖိုးနီးယားကို ရောက်လာရင်တော့ အထပ် ၄၀ စာလောက် အမြင့်ရှိတဲ့ သစ်နီ သစ်တောကြီး တစ်ခုရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေးမြင်မိတဲ့ ကမ္ဘာ့နေရာအများစုက သစ်သား အဆောက်အအုံတွေကတော့ လေးထပ်လောက်ပဲအမြင့်ရှိပါတယ်။ ဒေသတော်တော်များများက အဆောက်အအုံဆိုင်ရာ ဥပဒေတွေက လေးထပ်ထက် ပိုမြင့်ပြီး ဆောက်လို့မရအောင် တားမြစ်ထားပါတယ်။ ဒီအမေရိကန်ပြည်ထောင်စုမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒါပေမဲ့ အခုတော့ ခြွင်းချက်တွေရှိလာပါပြီ၊ ဟုတ်ပါတယ်ခင်ဗျ။ တချို့ခြွင်းချက်တွေ ရှိဖို့လိုအပ်နေသေးပါတယ် အခြေအနေတွေ ပြောင်းလဲလာမယ်လို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော် ဒီလိုယူဆရတဲ့ အကြောင်းရင်းကတော့ ဒီနေ့ ကျွန်တော်တို့လူဦးရေရဲ့ တစ်ဝက်လောက်က မြို့တွေပေါ်မှာ နေကြပါတယ်။ ဒီအရေအတွက်ဟာ ၇၅ % တိုးတက်လာဖို့ရှိပါတယ်။ မြို့ပြတွေ သိပ်သည်းလာတာက ဘာကိုပြောနေလဲဆိုရင် အဆောက်အအုံတွေလည်း ဆက်ပြီးကြီးမားလာမယ်လို့ ဆိုလိုပါတယ်။ မြို့ကြီးတွေမှာ သစ်သားတွေပါဝင်စရာ အခန်းကဏ္ဍ တစ်ရပ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လာမယ့်နှစ် ၂၀ အတွင်းမှာ လူသန်းပေါင်း သုံးထောင်လောက်က နေစရာ အိမ်လိုအပ်လာမှာပါ။ လာမည့်အနှစ် ၂၀ အတွင်း ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းက အဆောက်အအုံသစ် လိုအပ်လာမယ့် သဘောပါ။ လက်ရှိမြို့နေ လူဦးရေ သုံးပုံတစ်ပုံဟာ ဆင်းရဲသား ရပ်ကွက်တွေမှာ နေထိုင်နေကြတာပါ။ လူသန်းတစ်ထောင်က ဆင်းရဲသားရပ်ကွက်မှာ နေနေတာပေါ့ခင်ဗျာ။ ကမ္ဘာပေါ်မှာ လူသန်းပေါင်းတစ်ရာဟာ အိမ်ခြေရာမဲ့ဖြစ်နေပါတယ်။ ဗိသုကာပညာရှင်တွေနဲ့ လူအဖွဲ့အစည်းတစ်ခုလုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှု အတိုင်းအဆ ကတော့ ဒီလူတွေအတွက် အိမ်ရာစီမံပေးနိုင်တဲ့ နည်းလမ်းဖွေရှာဖို့ပါပဲ။ စိန်ခေါ်မှုကတော့ မြို့တွေကို ရွေ့ပြောင်းလာတာနဲ့ အမျှ မြို့တွေဟာ သံမဏိနဲ့ ကွန်ကရစ် ဆိုတဲ့ ကုန်ကြမ်းနှစ်မျိုးနဲ့ ဆောက်ထားတာပါ။ ဒီနှစ်ခုဟာ တကယ်ကို ကောင်းတဲ့ ကုန်ကြမ်းတွေပါ၊ ကျန်ခဲ့တဲ့ ရာစုနှစ်ရဲ့ အကောင်းဆုံး ကုန်ကြမ်းတွေပါ ဒါပေမဲ့ ဒီပစ္စည်းတွေကို ထုတ်လုပ်ရာမှာ စွမ်းအင်သုံးစွဲမှုနဲ့ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ်လွှတ်မှုလည်း သိပ်ကိုမြင့်မားပါတယ်။ သံမဏိဟာ လူသားတွေဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှု ရဲ့ သုံးရာခိုင်နှုန်းရှိပြီး ကွန်ကရစ်ကတော့ ငါးရာခိုင်နှုန်းရှိပါတယ်။ စဉ်းစားကြည့်ကြပါခင်ဗျာ ကျွန်တော်တို့ကြောင့်ဖြစ်လာတဲ့ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ရှစ်ရာခိုင်နှုန်းဟာ ဒီကုန်ကြမ်း နှစ်မျိုးကတင်လာတာပါ။ ကျွန်တော်တို့ ဒီအချက်ကို သိပ်မတွေးမိကြပါဘူး။ ကံမကောင်းစွာပဲ အဆောက်အအုံတွေနဲ့ ပတ်သက်ပြီးတော့တောင် ကျွန်တော်တို့ တွေးသင့်သလောက် မတွေးဖြစ်ကြပါဘူးလို့ ထင်ပါတယ်။ ဒါကတော့ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ရဲ့ သက်ရောက်မှုဆိုင်ရာ အမေရိကန် အချက်အလက်တွေပါ။ ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ရဲ့ ထက်ဝက်နီးပါးဟာ အဆောက်အအုံ တည်ဆောက်မှုကဏ္ဍနဲ့ ဆက်စပ်နေတယ်။ စွမ်းအင်နဲ့ ပတ်သက်ပြီး ကြည့်လိုက်ရင်လည်း ဒီအတိုင်းပါပဲ။ သယ်ယူပို့ဆောင်ရေး ကဏ္ဍကတော့ ဒုတိယနေရာလောက်မှာပဲ ရှိတာ တွေ့ရမှာပါ။ ဒါပေမဲ့ ကျွန်တော့်တို့ အများဆုံး ကြားနေရတာက သယ်ယူပို့ဆောင်ရေးကဏ္ဍပါပဲ။ စွမ်းအင်အကြောင်းကို အများကြီးပြောကြပေမယ့် ကာဘွန်ဓာတ်ငွေ့နဲ့ ပတ်သက်ပြီးတော့လည်း ပြောကြသေးပါတယ်။ မြင်နေရတဲ့ ပြဿနာကတော့ နေစရာ အိမ်တစ်လုံးစီ လိုအပ်တဲ့ ဒီလူသန်းပေါင်း သုံးထောင်ကို ကူညီပေးရမယ့်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အချက်နဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတို့ရဲ့ ခေါင်းချင်းဆိုင်တဲ့ တိုက်ပွဲဟာ တစ်ချိန်မဟုတ် တစ်ချိန်စတော့မှာပါ။ ဒါမှမဟုတ် စတောင်စနေပြီလားဆိုတာပါပဲ။ စိန်ခေါ်မှုကတော့ ကျွန်တော်တို့တတွေ နည်းသစ်တွေနဲ့ စဉ်းစားရတော့မယ်ဆိုတာပါ။ သစ်သားဟာ ဖြေရှင်းနည်းရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာမယ်လို့ ထင်ပါတယ် ကျွန်တော့ဘာကြောင့် အဲဒီလိုထင်လဲဆိုတဲ့ နောက်ခံဇာတ်ကြောင်းကို ပြောပြပါမယ်။ ဗိသုကာ တစ်ယောက်အနေနဲ့ ကျွန်တော် ဆောက်လို့ရတဲ့ ကုန်ကြမ်းတွေထဲမှာ သစ်သားဟာ တစ်ခုတည်းသော နေရဲ့ စွမ်းအားနဲ့ ကြီးထွားရှင်သန်လာတဲ့ ကုန်ကြမ်းကြီးပါ။ သစ်တစ်ပင် သစ်တောထဲမှာ ပေါက်ရောက်လာရင် အောက်ဆီဂျင် ဓာတ်ငွေ့ကို လေထုထဲထုတ်လွှတ်ပြီးတော့ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ကို စုပ်ယူပေးပါတယ်။ အပင်သေသွားရင်တော့ သစ်တော ကြမ်းခင်းပေါ်လဲကျသွားပြီး ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ကို လေထုထဲ ဒါမှမဟုတ် မြေကြီးထဲကို ပြန်လည်ထုတ်လွှတ်ပါတယ်။ သစ်တောမီးကြောင့် အပင်လောင် သွားရင်လည်း လေထုထဲကို ကာဗွန်ဓာတ်ငွေ့ပြန်လည်ထုတ်လွှတ်ပါတယ်။ ဒါပေမဲ့ အဲဒီသစ်သားကိုယူပြီး အဆောက်အအုံတစ်ခုထဲ ထည့်သွင်း ဆောက်လိုက်မယ် ဆိုရင်တော့ ပရိဘောဂတစ်ခုခု ကစားစရာ တစ်ခုခုအဖြစ် ပြောင်းလဲလိုက်ရင်တော့ ကာဗွန်ကို သိုလှောင်ထားနိုင်တဲ့ အံ့ဖွယ်အရည်အသွေးရှိလာပြီး ကျွန်တော်တို့လိုအပ်နေတဲ့ သိုလှောင် ထိန်းသိမ်းမှုကို ဆောင်ရွက်ပေးပါတယ်။ တစ်ကုဗမီတာရှိ သစ်သားတုံးတစ်တုံးဟာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် တစ်တန်ကို သိုလှောင်ထားနိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ရာသီဥတုဖောက်ပြန်မှုကို ဖြေရှင်းနည်း နှစ်နည်းကတော့ ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချဖို့နဲ့ သိုလှောင်စရာရှာဖို့ပါ။ ဒီအချက်နှစ်ခုကို လုပ်ဆောင်နိုင်တဲ့ တစ်ခုတည်းသော ဆောက်လုပ်ရေးကုန်ကြမ်းကတော့ သစ်သားပဲဖြစ်ပါတယ်။ မြေကမ္ဘာကြီးက ကျွန်တော်တို့အတွက် စားစရာစိုက်ပျိုးပေးတယ် ဆိုတဲ့ လောကအမြင် တစ်ရပ်ရှိပါတယ် ကျွန်တော်ကတော့ ဒီရာစုနှစ်မှာ မြေကမ္ဘာကြီးက ကျွန်တော်တို့အတွက် အိမ်ကိုပါ စိုက်ပျိုးပေးနိုင်တယ်ဆိုတဲ့ လောကအမြင်ဆီကို ဦးတည် ဖို့လိုတယ် ထင်ပါတယ်။ လက်ရှိ မြို့ပြဖြစ်ထွန်းမှု ဒီလောက်မြင့်မားနေချိန်မှာ ဒါကိုဘယ်လိုလုပ်ကြမှာလဲ။ သစ်သားအဆောက်အအုံတွေကို လေးထပ်လောက်ပဲ စဉ်းစားနေကြနေတာလား။ ကျွန်တော်တို့က ကွန်ကရစ်နဲ့ သံမဏိကို လျှော့ချသုံးစွဲသလို အဆောက်အအုံတွေကို ပိုပြီးကြီးကြီး ဆောက်ရပါမယ်။ ကျွန်တော်တို့ အထပ် ၃၀ ပါတဲ့သစ်သား အဆောက်အအုံဆောက်ဖို့ လုပ်နေတာပါ။ ဒီလိုအဆောက်အအုံမျိုးတွေအတွက် ဒီလုပ်ငန်းမှာ ကျွန်တော်နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အင်ဂျင်နီယာ အဲရစ်ကာ့ရှ် နဲ့အတူ အင်ဂျင်နီယာပိုင်းကို လုပ်နေပါပြီ။ ဒီလုပ်ငန်းသစ်ကို လုပ်ကိုင်ရတာကတော့ အသုံးပြုစရာ ထုတ်ကုန်သစ်တွေရှိလာလို့ပါ။ ကျွန်တော်တို့ကတော့ သစ်မာချပ်ပြားကြီးတွေလို့ ခေါ်ပါတယ် ဒီချပ်ပြားကြီးတွေကို သက်တမ်းနု သစ်ပင်တွေ သစ်ပင်သေးလေးတွေ သစ်သားပိုင်းစလေးတွေကို ကော်နဲ့ကပ်ပြီး ဧရာမ သစ်ချပ်ပြားကြီးတွေ ဖြစ်လာအောင် လုပ်ထားတာပါ။ အနံ ၈ ပေ အလျား ၆၄ ပေ နဲ့ အထူကတော့ အမျိုးမျိုးရှိပါတယ်။ အကောင်းဆုံး ရှင်းပြရရင် သစ်သားဆိုတာနဲ့ ၂ x ၄ ဆောက်နည်းကိုပဲ အကျွမ်းတဝင်ရှိကြပါလိမ့်မယ် လူတွေက ဒီလိုပဲ တစ်ခါတည်း ကောက်ချက်ဆွဲတတ်ကြပါတယ် တကယ်တော့ ၂ x ၄ ဆောက်နည်းဆိုတာ ကျွန်တော်တို့ငယ်ငယ်က ကစားတဲ့ ရှစ်စက်လီဂိုတုံးလေးတွေနဲ့ အလားတူမျိုးပါ အဲဒီအရွယ် လီဂိုတုံးလေးတွေ ၂ x ၄ ဘလော့တုံးလေးတွေနဲ့ အမိုက်စား ပစ္စည်းတွေမျိုးစုံ ဆောက်လို့ရပါတယ် ဒါပေမဲ့ ကလေးဘဝတုန်းက မြေအောက်ခန်းထဲက ပစ္စည်းပုံတွေထဲ လျှောက်မွှေပြီး ၂၄ ဘလော့တုံး တစ်ခုလောက် တွေ့သွားပြီးဆိုရင်တော့ “ ဟန်ကျတာပဲကွာ ငါတော့ တကယ့်အကြီးစားကြီး ဆောက်လို့ရပြီ လုံးဝမိုက်မှာပဲ ” လို့ဖြစ်သွားတတ်ပါတယ်။ အဲဒါဟာ ခြားနားချက်ပါပဲ။ သစ်မာချပ်ပြားကြီးတွေဟာ ၂၄ စက်ဘလော့တုံးမျိုးပါပဲ။ သူတို့က ကျွန်တော်တို့လုပ်နိုင်တဲ့ ပမာဏကို ပြောင်းလဲစေပါတယ်။ ကျွန်တော်တို့ FFTT လို့အမည်ပေးထားတဲ့ လုပ်ငန်းတစ်ခုကို စတင်နေပါပြီ တကယ့်ကို ပြောင်းလွယ်ပြင်လွယ်တဲ့ Creative Commons ဆောက်လုပ်ရေး နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီပျဉ်ချပ်ကြီးတွေကို သုံးပြီး ဆောက်လုပ်မှာဖြစ်ပြီး အလိုရှိတိုင်း အထပ် ၆ ထပ်ကို ထောင်မတ်လို့ရမှာပါ။ ဒီသရုပ်ဖော် ကာတွန်းလေးက အဆောက်အအုံတွေ ဘယ်လို ဆောက်လုပ်မလဲဆိုတာကို ရိုးရိုးရှင်းရှင် းပြနေပေမယ့် ဒီအဆောက်အအုံတွေကို ကမ္ဘာပေါ်က ယဉ်ကျေးမှုအမျိုးမျိုး ဗိသုကာ ဟန်ပန်အမျိုးမျိုး ဝိသေသလက္ခဏာ အမျိုးမျိုး အတွက် ဗိသုကာပညာရှင်တွေ အင်ဂျင်နီယာတွေ ဆောက်လုပ်နိုင်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ ဘေးကင်းလုံခြုံစွာ ဆောက်လုပ်နိုင်ဖို့အတွက် ဒီဇ်ိုင်းဆွဲ ဆောက်လုပ်နေပါပြီ။ ဗန်ကူးဗါးအနေနဲ့ဆို အထပ် ၃၀ အဆောက်အအုံ တစ်ခုအတွက်တောင် ငလျင် ဘေးအန္တရာယ်မြင့် ဇုန်ထဲကို ရောက်နေပါပြီ ဒီအကြောင်းတွေ ပြောတိုင်း ဒီဆွေးနွေးပွဲမှာတောင် လူတွေက “ အတည်ပြောနေတာလား ။ အထပ် ၃၀၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ” ဆိုတာမျိုးဖြစ်သွားကြပါတယ် တကယ့်ကို ကောင်းတဲ့မေးခွန်းတွေက မေးကြပါတယ်။ အရေးကြီးတဲ့ ပုစ္ဆာတွေကို ကျွန်တော်တို့ အချိန်ယူ အဖြေရှာခဲ့ပြီး ကျွန်တော်တို့ရဲ့ စာတမ်းနဲ့ ကျွမ်းကျင်ပညာရှင်တွေ အကဲဖြတ်ထားတဲ့ စာတမ်းတွေမှာ ပေါင်းစည်းတင်ပြထားပါတယ် အဲဒီထဲက အနည်းငယ်ကို အလေးပေး ပြောပါမယ်ခင်ဗျာ။ မီးပြဿနာနဲ့ စတင်ပါ့မယ်၊ မီးအကြောင်းကတော့ ခင်ဗျားတို့ အခု ပထမဆုံးတွေးမိမယ့် အကြောင်းအရာဖြစ်နိုင်တယ်လို့ ထင်လို့ပါ တွေးလည်းတွေးသင့်ပါတယ်လေ။ ကျွန်တော်ပြောပြပါမယ်ဗျ။ ခင်ဗျားတို့ မီးခြစ်တစ်လုံးယူပြီး မီးညှိလိုက်ပါ။ သစ်သားတုံးတစ်တုံးကို ကောက်ကိုင်ပြီး မီးရှို့ကြည့်လိုက်။ မီးလောင်မှာမဟုတ်ပါဘူး။ ဟုတ်တယ်မလားခင်ဗျာ။ လူတိုင်းသိပါတယ်။ ဒါပေမယ့် မီးအရင်မွှေးလိုက်ပြီးတော့ သစ်သားပိုင်းစလေးတွေကို မီးထဲထည့်လိုက်ရင်တော့ နောက်ဆုံးမှာ သစ်သားတုံးကြီးကိုပါ မီးထဲ ထည့်နိုင်ပါလိမ့်မယ်။ သေချာပေါက် မီးလည်းလောင်သွားပါလိမ့်မယ်။ သို့တိုင်အောင် မီးလောင်တာ နှေးပါတယ် အဲ အခုကျွန်တော်တို့ သုံးနေတဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ သစ်မာချပ်ပြားကြီးတွေ ဆိုတာကလည်း ထိုနည်းလည်းကောင်းပါပဲ။ သူတို့ကို မီးရှို့ဖို့ခက်ပါတယ်။ တကယ်လို့လောင်သွားရင်တောင်မှ တကယ်ကို ခန့်မှန်းတိုင်းဆနိုင်တဲ့ နှုန်းနဲ့လောင်တာပါ။ ခန့်မှန်းတိုင်းဆတဲ့ အလုပ်ကိုတော့ မီးဘေးကာကွယ်မှုသိပ္ပံ သုံးပြီးတော့ ကွန်ကရစ်နဲ့ သံမဏိလိုမျိုး ဘေးအန္တရာယ်ကင်းတဲ့ အဆောက်အအုံတွေ ဖြစ်လာအောင်လုပ်လို့ ရပါတယ်။ နောက်ပြဿနာကြီး တစ်ခုကတော့ သစ်တော ပြုန်းတီးမှုပါပဲ။ ကျွန်တော်တို့ ဖန်လုံအိမ် အာနိသင် ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၁၈ ရာခိုင်နှုန်းက သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်ပေါ့။ ကျွန်တော်တို့ မလုပ်ချင်ဆုံးကလည်း သစ်ပင် အမျိုးအစားတွေ မှားခုတ်မိမှာကိုပါပဲ ဒါမှမဟုတ် သစ်ပင်တွေ မှားခုတ်မိတာလို့ပဲ ပြောရမလား။ သစ်ပင်တွေကို အထိုက်အလျောက် ခုတ်ခွင့်ပေးထားတဲ့ ရေရှည် သစ်တောဖွံ့ဖြိုးဆိုင်ရာ စံချိန်စံညွှန်းတွေ ရှိပါတယ်။ ဒီစနစ်မှာ သင့်တော်ကလည်း ဒီအပင်မျိုးတွေပါပဲ။ ဒီစိတ်ကူးစိတ်သန်းတွေဟာ သစ်တောပြုန်းတီးမှုဆိုင်ရာ သီအိုရီသဘောထားကို ပြောင်းလဲပစ်လိုက်နိုင်တယ်လို့ တကယ်ကိုယူဆမိပါတယ်။ သစ်တော ပြုန်းတီးမှုဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ သစ်တောတွေရဲ့တန်ဖိုး ပိုမိုမြင့်မားလာအောင် လုပ်ဖို့ နည်းလမ်းရှာပြီး ပြည်သူတွေကို လျင်လျှင် မြန်မြန်နဲ့ သစ်တောဖြစ်ထွန်းမှု ဖြစ်စဉ် ကနေတစ်ဆင့် ဝင်ငွေရှာလာအောင် လုပ်ဖို့ အားပေးရမှာ ဖြစ်ပါတယ်။ ၁၀ နှစ် ၁၂ နှစ် ၁၅ နှစ် သက်တမ်းရှိတဲ့ သစ်ပင်တွေကနေ ကျွန်တော်တို့ လိုအပ်နေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ထုတ်လုပ်ပြီး ဒီအရွယ်အစားလောက် ဆောက်ခွင့် ရနိုင်ဖို့ပါ လက်ရှိမှာတော့အထပ် ၂၀ အဆောက်အအုံ အတွက် တွက်ချက်ထားပြီးပါပြီ။ မြောက်အမေရိကမှာ ၁၃ မိနစ်တိုင်း လုံလောက်တဲ့ သစ်ပမာဏကို စိုက်ပျိုးနိုင်ပါတယ်။ အချိန်က အဲဒီလောက်ပဲလိုတာပါ။ ကာဗွန်အကြောင်းကလည်း ဒီကိစ္စမှာ တော်တော်ကို အရေးပါပါတယ်။ ဘိလပ်မြေနဲ့ ကွန်ကရစ်သုံးထားတဲ့ အထပ် ၂၀ အဆောက်အအုံ တစ်လုံး ဆောက်မယ်ဆိုရင် ဘိလပ်မြေ ထုတ်တဲ့နေရာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၁၂၀၀ ထွက်ရှိနိုင်ပါတယ်။ သစ်သားနဲ့သာ ဆောက်လိုက်မယ်ဆိုရင်တော့ ကာဗွန်ဒိုင်အောက်ဆိုဒ် တန် ၃၁၀၀ ကို သိုလှောင်ထားနိုင်မှာမို့လို့ အသားတင် တန်ပေါင်း ၄၃၀၀ လောက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့ကျသွားမှာပါ။ ဒီပမာဏဟာ တစ်နှစ်ကို ကားအစီးရေ ၉၀၀ လောက်ကို လမ်းပေါ်ကနေ ဖယ်ရှားလိုက်တာနဲ့ ညီမျှပါတယ်။ အိမ်တွေလိုအပ်နေတဲ့ လူသန်းပေါင်း သုံးထောင်ကို ပြန်စဉ်းစားကြည့်လိုက်ပါ။ ဒီလိုအပ်ချက်ကတောင် ဓာတ်ငွေ့လျှော့ချမှုကို အထောက်အကူပေးနိုင်ပါတယ်။ တော်လှန် ပြောင်းလဲရေး နိဒါန်းအစမှာ ကျွန်တော်တို့ ရောက်နေတယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ နှစ် ၁၀၀ အတွင်း ဒါမှမဟုတ် ဒီထက်ပိုရှည်တဲ့ သမိုင်းကာလအတွင်း မိုးမျှော်တိုက် ဆောက်လုပ်နည်းသစ် တစ်ခု ဖြစ်နေလို့ပါ။ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုက လူအဖွဲ့အစည်း တစ်ခုလုံးရဲ့ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ အမြင်ကို ပြောင်းလဲရေးပါ၊ တကယ့်ကို ကြီးမားတဲ့ စိန်ခေါ်မှုပါ။ ရိုးရိုးသားသား ပြောရရင် အင်ဂျင်နီယာ အပိုင်းကတော့ လွယ်တဲ့အပိုင်းပါ။ ကျွန်တော် ရှင်းပြပါချင်တာက ဒီလိုပါ။။ အင်ဂျင်နီယာ ပညာရပ်အရ မိုးမျှော်တိုက် တစ်လုံးဟာ ၁၀ ထပ်ပဲမြင့်ပါတယ်။ ယုံချင်မှယုံပါလိမ့်မယ်။ ကမ္ဘာ့ပထမဦးဆုံး မိုးမျှော်တိုက်ကတော့ ရှီကာဂိုမြို့က ဒီတစ်ခုပါပဲ။ လူတွေဟာ အဲ့ဒီအဆောက်အအုံအောက်က ဖြတ်လျှောက် ရတာကိုပဲ ရင်တုန်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆောက်အအုံဆောက်ပြီး လေးနှစ်အကြာမှာပဲ Gustave Eiffel က အိုင်ဖယ်မျှော်စင်ကြီးကို ဆောက်နေပါပြီ။ သူလည်း အိုင်ဖယ်မျှော်စင်ကြီးကို ဆောက်လို့လည်းပြီးရော ကမ္ဘာ့မြို့ကြီးတွေရဲ့ မိုးကုပ်စက်ဝိုင်း အနားသတ်မျဉ်းဟာ မြင့်သထက်မြင့်လာခဲ့တော့တယ်။ နယူးယောက်မြို့လို ရှီကာဂိုမြို့လိုနေရာမျိုးတွေမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဟာ ပိုမြင့်သထက်မြင့်အောင် ဆောက်လာကြပြီး ပိုကောင်းသထက် ကောင်းတဲ့ အင်ဂျင်နီယာ စွမ်းပကားတွေနဲ့ အကန့်အသက် အတားအဆီးတွေကို ကျော်လွှားသည်ထက် ကျော်လွှားပြီး ယှဉ်ပြိုင်မှု တစ်ရပ်ပေါ်ပေါက် လာပါတော့တယ်။ ဒီအဆောက်အအုံပုံ စံနမူနာကို နယူးယောက်မြို့မှာ ဆောက်ခဲ့ပါတယ် အမှန်တော့ မကြာခင်ပေါ်ပေါက်လာမယ့် နည်းပညာ တက္ကသိုလ်တစ်ခုရဲ့ ပရဝုဏ်အတွင်းမှာ သီအိုရီနမူနာအနေနဲ့ ဆောက်ခဲ့တာပါ။ ဒါကို ဘာလို့ ရွေးပြတာလဲဆိုတော့ သစ်သား အဆောက်အအုံတွေဖြစ်လာမယ့် ပုံစံကိုပြချင်လို့ပါ။ အပြင်ဒီဇိုင်းကတော့ ပြောင်းလဲနိုင်ပါတယ်။ ကျွန်တော်တို့ အဓိကပြောနေတာက အခြေခံဖွဲ့စည်းပုံအပိုင်းပါ ဒါကိုရွေးချယ်လိုက်ရတဲ့ အကြောင်းကတော့ နည်းပညာ တက္ကသိုလ်ဖြစ်နေတာရယ်။ သစ်သားကသာလျှင် တစ်ခုတည်းသော နည်းပညာအမြင့်မားဆုံး ဆောက်လုပ်ရေး ကုန်ကြမ်းဖြစ်တယ်လို့ ယုံကြည်တာကြောင့်ရယ်ပါ။ မူပိုင်ခွင့်ကတော့ မိခင်သဘာဝကြီး ပိုင်ဆိုင်ပါတယ် ဒီအချက်က တကယ့်ကိုတစ်မျိုးကြီးပါပဲ။ ဒါပေမဲ့ ဖြစ်သင့်တဲ့အချက်ပါ။ ကျွန်တော်တို့ ဆောက်လုပ်ထားတဲ့ ပတ်ဝန်းကျင်မှာ သဘာဝရဲ့ လက်ဗွေရာတွေ ပါနေတာကိုးခင်ဗျ ကျွန်တော်ကတော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး “ အိုင်ဖယ်မျှော်စင်ခေတ် ”လို့ ကျွန်တော်တို့ အမည်ပေးထားတဲ့ ခေတ်တစ်ခုကို ဖန်တီးချင်ပါတယ်။ ကမ္ဘာတစ်လွှားက သစ်သား အဆောက်အအုံတွေ မြင့်သထက်မြင့်လာပါပြီ လန်ဒန်မှာ ၉ ထပ်အဆောက်အအုံ တစ်လုံးရှိပါတယ်။ ဩစတြေးလျမှာ မကြာခင်ကပြီးသွားတဲ့ အဆောက်အအုံသစ်ဟာ ၁၀ ထပ် သို့မဟုတ် ၁၁ ထပ် ရှိတယ်ထင်ပါတယ်။ ဒီသစ်သား အဆောက်အအုံတွေရဲ့ အမြင့်ကို မြင့်သထက်မြင့်လာအောင် စဆောင်ရွက်နေပါပြီ။ ကျွန်တော်တို့အဖွဲ့ မျှော်လင့်ထားပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော့် ဇာတိမြေ ဗန်ကူးဗါးမှာ ကမ္ဘာ့အမြင့်ဆုံး အထပ် ၂၀ ပါ သစ်သား အဆောက်အအုံတစ်လုံးကို မဝေးတော့တဲ့အနာဂတ်မှာ ဆောက်လုပ်ဖို့ ကြေညာနိုင်ချေရှိတယ်လို့ပါ။ ဒီ “ အိုင်ဖယ်မျှော်စင်ခေတ် ” က မျက်နှာကျက် အတားအဆီးကို ကျော်လွှားသွားမှာပါ။ မျက်နှာကျက် အမြင့်ဆိုင်ရာ ဘောင်ကို လွန်မြောက်သွားတော့မှာပါ။ သစ်သား အဆောက်အအုံတွေလည်း ဒီယှဉ်ပြိုင်မှုမှာ ပါဝင်လာစေမှာပါ။ ပြိုင်ပွဲက မကြာခင်စတော့မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ( လက်ခုပ်သံများ )