ကာဗွန်ဒိုင်အောက်ဆိုက်ဒ်က ကမ္ဘာကြီးကို ပူနွေးလာစေနေတာ ခင်ဗျားတို့ ကြားမိနိုင်ပေမဲ့၊ အဲဒါ ဘယ်လို ဖြစ်လာတာပါလဲ။ ဖန်လုံအိမ်ကို ကာတဲ့ ဖန်သားလိုလား ဒါမှမဟုတ် အပူကိုကာတဲ့ အလွှာတစ်ခုလိုလား။ အပြည့်အဝတော့ မဟုတ်ဘူးပေါ့။ အဖြေဟာ ကွမ်တမ်မက္ကနစ် သဘော အနည်းအကျဉ်း ပါဝင်ပေမဲ့၊ မစိုးရိမ်ကြလိုက်ပါနဲ့၊ တို့တွေ သက်တန့်နဲ့ စတင် ဆွေးနွေးကြမယ်။ အကယ်၍ သင်သာ prism မှ ခွဲဖြာထွက်လာတဲ့ နေရောင်ကို အနီးကပ် ကြည့်ခဲ့ရင်၊ ပျောက်သွားတဲ့ အရောင်အတွဲတွေ နေရာမှာ အမဲစင်းတွေကို မြင်ခဲ့မှာပါ။ ဒါတွေ ဘယ်ရောက်ကုန်ကြလဲ။ တို့မျက်လုံးဆီကို မရောက်ခင်၊ အမျိုးမျိုးသော ဓာတ်ငွေ့တွေက ရောင်စဉ်ထဲက သက်ဆိုင်ရာ အပိုင်းတွေကို စုပ်ယူ လိုက်ကြတာပါ ဥပမာ၊ အောက်စီဂျင်ဓာတ်ငွေ့က အနီရင့် အလင်းတချို့ကို ဖြတ်ခနဲ့ ဆွဲယူမယ်၊ ဆိုဒီယမ်က အဝါရောင် လှိုင်းခွင်နှစ်ခုကို ဖမ်းယူထားမယ်။ ဒီဓါတ်ငွေ့တွေက အလင်းကို ဘယ်နှယ်ကြောင့် အရောင်တွေကို ရွေးပြီး စုပ်ယူ ကြပါလဲ။ အဲဒါက တို့တွေ ကွမ်တမ် ပညာရပ်နယ်ထဲ ဝင်မိပါပြီ။ အက်တမ်နှင့် မော်လီကျူးတိုင်းမှာ ၎င်းတို့ရဲ့ အီလက်ထရွန်တွေအတွက် သတ်မှတ်ထားတဲ့ ဖြစ်နိုင်တဲ့ စွမ်းအင် အခြေပြ ကိန်းဆိုတာ ရှိပါတယ်။ ၎င်းတို့ရဲ့ အီလက်ထရွန်တွေကို အခြေခံအဆင့်မှ ပိုမြင့်တဲ့ အဆင့်တစ်ခုကို ကူးပြောင်းဖို့၊ မော်လီကျူးဟာ စွမ်းအင် ပမာဏအချို့ကို ရယူဖို့လိုပါတယ်။ ဒါထက် မပိုနိုင်၊ မလျော့နိုင်ပါ။ ၎င်းက ထိုစွမ်းအင်ကို အလင်းမှရယူပြီး၊ အဲဒီအလင်းက သင်ရေတွက်နိုင်တာထက် ပိုတဲ့ စွမ်းအင်အဆင့်များနဲ့ လာတာပါ။ အလင်းထဲတွင် ဖိုတွန် ခေါ် အမှုန်ငယ်လေးတွေ ပါရှိပြီး၊ ဖိုတွန် တစ်လုံးစီရဲ့ စွမ်းအင်ပမာဏဟာ ၎င်းရဲ့ အရောင်နဲ့ ကိုက်ညီပါတယ်။ နီတဲ့အလင်းမှာ စွမ်းအင်ပိုနိမ့်ကာ၊ ပိုရှည်တဲ့လှိုင်းအလျားတွေရှိတယ် ခရမ်းရောင် အလင်းမှာ စွမ်းအင် ပိုမြင့်ပြီး၊ ပိုတိုတဲ့လှိုင်းအလျားတွေရှိတယ်။ နေရောင်ခြည်က သက်တန့်ထဲရှိ ဖိုတွန်အမျိုးစုံကို ထုတ်လွှင့်ပေးတော့ ဓာတ်ငွေ့ မော်လီကျူး တစ်လုံးဟာ မော်လီကျူးရဲ့ စွမ်းအင်ကို နောက်တဆင့်သို့ ကူးပြောင်းဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏ အတိအကျကို သယ်ဆောင်တဲ့ ဖိုတွန်ကို ရွေးယူနိုင်ပါတယ်။ ဒီချိတ်တွဲမှု လုပ်ပြီးချိန်၌ မော်လီကျူးက ဖိုတွန်ရဲ့ စွမ်းအင်ကို ရယူလိုက်လို့၊ ဖိုတွန် ကွယ်ပျောက်သွားကာ၊ သက်တန့်တွင် ဟာကွက် ပေါ်လာတတ်တယ်။ ဖိုတွန် သယ်လာတဲ့ စွမ်းအင်ဟာ များလွန်း ဒါမှမဟုတ် နည်းလွန်းရင်ဖြင့် မော်လီကျူးအတွက် ဖိုတွန်ကို လွတ်ပေးရုံကလွဲပြီး ရွေးစရာမရှိပါ။ အဲဒါကြောင့် ဖန်ထည်ကို ထုတ်ခြင်းပေါက် မြင်ကြရတာပါ။ ဖန်ထဲက အက်တမ်တွေဟာ မြင်နိုင်တဲ့ အလင်းထဲက ဘယ်စွမ်းအင် အဆင့်များနဲ့မှ ကောင်းစွာ မချိတ်တွဲနိုင်လို့ ဖိုတွန်တွေ ကျော်ဖြတ်သွားကြတာပါ။ ဒီလိုဆို ဘယ်ဖိုတွန်တွေကို ကာဗွန်ဒိုင်အောက်ဆိုက် နှစ်သက်ပါလဲ။ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို ရှင်းပြဖို့ တို့ရဲ့သက်တန့်ထဲက အနက်စင်း ဘယ်မှာလဲ။ အဲဒီမှာတော့ မရှိပါဘူး။ ကာဗွန်ဒိုင်အောက်ဆိုဒ်ဟာ နေမှ လာတဲ့အလင်းကို တိုက်ရိုက် စုပ်မယူပါဘူး။ ၎င်းဟာ အာကာသထဲက လုံးဝကွဲပြားတဲ့ အရာထံမှ အလင်းကိုစုပ်ယူပါတယ်။ အလင်းကို ထုတ်လုပ်မပေးဘူးလို့ ထင်ရတဲ့ အရာတစ်ခုဖြစ်တဲ့- ကမ္ဘာမြေကြီးထံမှပါ။ ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ် ဘာဖြစ်လို့ အရောင် မတောက်ရတာလဲ ဆိုရင်တော့၊ အကြောင်းက ကမ္ဘာကြီးဟာ မြင်နိုင်တဲ့ အလင်းကို မထုတ်လွှတ်လို့ပါ။ ၎င်းဟာ အနီအောက် အလင်းကို ထုတ်လွှတ်ပါတယ်။ သက်တန့်အရောင်စုံ အပါအဝင် တို့မျက်လုံးတွေ မြင်နိုင်တဲ့အလင်းဟာ ပိုကြီးမားတဲ့ လျှပ်စစ်သံလိုက် ဖြာထွက်မှုရဲ့ ရောင်စဉ်ဖြစ်ပြီး၊ ၎င်းထဲမှာ ရေဒီယို လှိုင်းတွေ၊ မိုက်ခရိုဝေ့ လှိုင်းတွေ၊ အနီအောက်၊ ခရမ်းလွန်၊ ဓာတ်မှန်များနဲ့ ဂါမာ ရောင်ခြည်များ ပါဝင်ကြပါတယ်။ ဒါတွေကို အလင်းပါလို့ ယူဆမှုဟာ ထူးဆန်းနေသလို ထင်ရပေမဲ့၊ မြင်နိုင်တဲ့ အလင်းနဲ့ တခြားသော လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းတို့ဟာ အခြေခံအရ ဘယ်လိုမှ မခြားနားကြပါဘူး။ အဲဒါ အလားတူ စွမ်းအင်ဖြစ်ပြီး အဆင့် မြင့်တာ နိမ့်တာသာ ကွာနိုင်ပါတယ်။ မြင်နိုင်တဲ့ အလင်းကို တို့ရဲ့ ကန့်သတ်ချက်တွေနဲ့ အဓိပ္ပါယ် သတ်မှတ်မှုဟာ နည်းနည်းလေး ရဲတင်းလွန်းပါတယ်။ တကယ်တော့ အနီအောက် အလင်းကို မြွေတွေ မြင်နိုင်ကြပြီး၊ ခရမ်းလွန်အလင်းကိုကျတော့ ငှက်တွေ မြင်နိုင်ကြပါတယ်။ အကယ်၍ တို့ မျက်လုံးတွေကို ၁၉၀၀ မက်ဂါဟဇ် ရှိ အလင်းကို မြင်ရအောင် စီမံပေထားခဲ့ရင် မိုဘိုင်းဖုန်းဟာ ဓာတ်မီးလို လင်းနေလျက်၊ ဆဲလ်ဖုန်း မျှော်စင်ဟာ ဧရာမ မီးအိမ်ကြီးသဖွယ် မြင်တွေ့လာကြရမှာပါ။ ကမ္ဘာမြေဟာ အနီအောက် အလင်း ထုတ်လွှတ်ခြင်းရဲ့ အကြောင်းရင်းက ပကတိ သုညအပူချိန် အထက်မှ အရာမှန်သမျှ အလင်းကို ထုတ်လွှတ်ကြလို့ပါ။ ဒါကို အပူဆိုင်ရာ ဖြာထွက်ခြင်းလို့ ခေါ်ပါတယ်။ အရာ၀တ္ထု တစ်ခု ပူလာလေ ကြိမ်နှုန်းပိုမြင့်တဲ့ အလင်းကို ထုတ်လေပါ။ သင်က သံစကို အပူတိုက်တဲ့အခါ ၎င်းက အနီအောက် အလင်း ကြိမ်နှုန်းတွေ တိုးတိုးပြီး ထုတ်လွှတ်ပေးပါမယ်၊ ဒါနဲ့ အပူချိန် ၄၅၀ ဒီဂရီ ဆဲလ်စီးယပ် ဝန်းကျင်မှာ ကျတော့၊ ၎င်းရဲ့ အလင်းဟာ မြင်နိုင်တဲ့ ရောင်စဉ်ထဲ ရောက်လာပါမယ်။ အစမှာ နီရဲပုံ မြင်ရမယ်။ ပြီးတော့ နောက်ထပ်ရတဲ့ အပူကြောင့် ၎င်းဟာ မြင်နိုင်တဲ့ အလင်းကြိမ်နှုန်းအားလုံးပါတဲ့ အဖြူရောင်ဖြင့် တောက်ပ လာတော့မယ်။ ဒါက ပုံမှန် မီးသီးတွေကို ပုံစံထုတ်ခဲ့ပုံ ဖြစ်ခဲ့လို့ အလေအလွင့် များလွန်းကြတာပါ။ မီးသီးတွေ ထုတ်လွှတ်တဲ့ အလင်းရဲ့ ၉၅%ကို တို့မျက်လုံးတွေ မမြင်ရပါဘူး။ ၎င်းဟာ အပူစွမ်းအင်အဖြစ် လွင့်စင်သွားတယ်။ လေထုထဲမှာ ဖန်လုံအိမ်မှ ဓာတ်ငွေ့ မော်လီကျူးတွေသာ မရှိခဲ့ကြရင် ကမ္ဘာ့ အနီအောက် ဖြာထွက်မှုတွေဟာ အာကာသထဲကို လွတ်ထွက်သွားခဲ့ကြမှာပါ။ အောက်စီဂျင်ဓာတ်ငွေ့က အနီရင့်ဖိုတွန်ကို လိုလားသလိုပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ အခြားဖန်လုံအိမ်ဓာတ်ငွေ့တွေက အနီအောက်ဖိုတွန်တွေနဲ့ ချိတ်ဆက်လိုကြတယ်။ ၎င်းတို့က ဓာတ်ငွေ့မော်လီကျူးတွေကို စွမ်းအင်ပိုမြင့်ရာထံ ကူးပြောင်းဖို့ မှန်ကန်တဲ့ စွမ်းအင် ပမာဏကို ပေးကြတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်က အနီအောက် ဖိုတွန်ကို စုပ်ယူပြီး ခဏအကြာ၌ ယခင် စွမ်းအင်ဆင့်ထံ ပြန်ဆင်းသွားလျက်၊ ဖိုတွန်ကို ရောက်ရာပေါက်ရာသို့ ပြန်လည် စွန့်ထုတ်ပစ်မှာပါ။ အဲဒီစွမ်းအင်ထဲက တချို့ဟာ နောက်ပိုင်းတွင် ကမ္ဘာ့မျက်နှာမြင်ထံ ပြန်ရောက်လာကြလို့ ပူနွေးခြင်းကို ဖြစ်စေတာပါ။ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုများလေ အနီအောက်ဖိုတွန်တွေ မြေပြင်ပေါ် ပြန်ဆင်းနိုင်ခြေ များလေဖြစ်ပြီး တို့ရဲ့ ရာသီဥတုကို ပြောင်းလဲစေမှာပါ။