ကင်ညာနိုင်ငံမှာ ၁၉၈၄ ခုနှစ်ဟာ ဂိုရိုဂိုရိုနှစ် တစ်နည်း တစ်ပြည်နှစ်အဖြစ် ထင်ရှားပါတယ်။ ဂိုရိုဂိုရို ဆိုတာကတော့ ဈေးထဲ ပြောင်းဖူးစေ့ကိုရောင်းရာမှာ တိုင်းဖို့ အသုံးပြုတဲ့ တိုင်းစရာ ပြည်တစ်မျိုးပါပဲ၊ ပြောင်းဖူးကိုကျတော့ အူဂါလီလို့ ခေါ်တဲ့ ပြောင်းဖူးပြုတ်ကို ဟင်းသီးဟင်းရွက်နဲ့ စားရတဲ့ စားစရာကို ပြုလုပ်ကြပါတယ်။ ခုနက ပြောခဲ့တဲ့ ပြောင်းဖူးရော ဟင်းသီးဟင်းရွက်တွေပါ ကင်ညာနိုင်ငံထဲက မွေးမြူရေးခြံတွေထဲမှာ စိုက်လို့ရပါတယ်၊ အဲဒါကြောင့်မို့လို့ မိသားစု အများစုတို့ဟာ သူတို့ကိုယ်ပိုင် ခြံထဲမှနေပြီး မိမိတို့အတွက် စားစရာကို ထုတ်လုပ်နိုင်ကြပါတယ်။ ပျမ်းမျှ မိသားစုကို ယူကြည့်မယ်ဆိုရင် ဂိုရိုဂိုရို တစ်ခုဖြင့် မိသားစုဟာ သုံးနပ်စားနိုင်ပါတယ်၊ ဒါပေမဲ့ ၁၉၈၄ ခုနှစ်တုန်းကဆိုရင် ထွက်လာခဲ့တဲ့ သီးနှံအားလုံးဟာ ဂိုရိုဂိုရို တစ်ခုစာမျှသာ ရှိခဲ့ပါတယ်။ အဲဒါဟာ ယခုထက်ထိကို ကျွန်မတို့ သိထားရသမျှထဲက မိုးအခေါင်ဆုံး နှစ်ပါပဲ။ ဒီနေ့မယ် ကျွန်မဟာ လယ်သမားတွေကို မိုးခေါင်မှုဘေးမှ၊ ဂိုရိုဂိုရိုနှစ်တုန်းက မိုးခေါင်မှုမျိုးမှ၊ ကာကွယ်ပေးနေပါတယ်၊ တနည်း၊ ပိုပြီး တိကျအောင် ပြောရရင်၊ သီးနှံတွေကို အာမခံပေးနေပါတယ်။ ကျွန်မဟာ အင်ဒိုနီရှားနိုင်ငံမှာ ဆေးရုံတွေကို ဆောက်လုပ်ခဲ့တဲ့ မစ်ရှင်အဖွဲ့မိသားစုမှ ဆင်းသက်လာသူပါ၊ ကျွန်မ ဖခင်ဟာ စိတ္တဇရောဂါကု ဆေးရုံကို တန်ဇာနီယားမှာ ဆောက်ခဲ့ပါတယ်။ ဒါကတော့ ကျွန်မ ငါးနှစ်အရွယ်တုန်းက ဆေးရုံရှေ့မှာ ရပ်နေတာပါ။ ကျွန်မဟာ ကြီးလာရင် အာမခံတွေကို ရောင်းမှာကို အဲဒီုတုန်းက သူတို့ ဘယ်လိုမှာမှ စိတ်ကူးနိုင်ခဲ့မှာ မဟုတ်ပါဘူး။ (ရယ်မောသံများ) အခု ခင်ဗျားတို့အားလုံးကို ဖြစ်ပျက်လာခဲ့ပုံကို ပြောပြချင်ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျွန်မဟာ ရဝမ်ဒါ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေခဲ့ပါတယ်၊ ကျွန်မ အကြီးအကဲဟာ ဝန်ကြီးအဖြစ် တင်မြှောက်ခံခဲ့ရတဲ့ အချိန် ဖြစ်ခဲ့ပါတယ်။ သူဟာ သူ့နိုင်ငံထဲမှာ အစိမ်းရောင် တော်လှန်ရေး စီမံကိန်းကို စတင်ဖို့ စီမံလာခဲ့ပါတယ်၊ အဲဒီမတိုင်မီတုန်းက အထိဆိုရင်၊ ကျွန်မတို့ဟာ ဓာတ်မြေဩဇာတွေကို တန်ပေါင်းများစွာ နဲ့ မျိုးစေ့တွေကို နိုင်ငံခြားမှ တင်သွင်းနေခဲ့ကြပြီး လယ်သမားတွေကို အဲဒီ ဓာတ်မြေဩဇာတွေကို သုံးပုံနဲ့ စိုက်ပျိုးရပုံကို ရှင်းလင်းပြောပြခဲ့ကြပါတယ်။ အဲဒီနောက် မကြာမီမှာပဲ နိုင်ငံတကာငွေကြေးအဖွဲ့မှ ကိုယ်စားလှယ်တွေကို ကျွန်မတို့ဆီကို လာလည်ခဲ့ကြရာ၊ ကျွန်မ ဝန်ကြီးကို မေးလိုက်ကြတာက၊ "ဝန်ကြီးခင်ဗျာ၊ လယ်သမားတွေကို ကူညီပေးချင်တာ၊ အစာရေစာ လုံခြုံမှု ရှိလာစေချင်တာ သိပ်ကောင်းပါတယ်၊ ဒါပေမဲ့ မိုးမရွာဘဲနေခဲ့ရင် ဘယ်လိုလုပ်မလဲ?" ကျွန်မ ဝန်ကြီးက ၀င့်ကြွားစွာနဲ့ အခိုင်အမာ ဖြေလိုက်ပုံက၊ "မိုးရွာဖို့အတွက် ကျွန်မ ဆုတောင်းပေးမှာပါ။" အဲဒီဆွေးနွေးပွဲဟာ အဲဒီမှာတင် ပြီးသွားခဲ့ပါတယ်။ အဲဒီက အပြန်လမ်းမှာ ဝန်ကြီးက ကျွန်မဘက်ကို လှည့်လိုက်ကာ "Rose၊ ရှင်ဟာ အမြဲတမ်း ဘဏ္ဍာရေးကို စိတ်ဝင်စားခဲ့သူပဲ၊ အာမခံ တစ်မျိုးမျိုးကို ရှာကြံကြည့်ပါလား။’’ ဆိုပြီး ပြောဆိုလာပါတယ်။ အဲဒီနောက်မှာ ယခုဆိုရင် ခြောက်နှစ်ကြာသွားပါပြီ၊ နောက်ဆုံးမှာတော့ ကျွန်မဟာ အတော်ကလေး ကံကောင်းနိုင်ခဲ့လို့ ကင်ညာ နဲ့ ရဝမ်ဒါ နိုင်ငံထဲက လယ်သမား ၁၈၅၀၀၀ ကျော်တို့ကို မိုးခေါင်မှုဘေးမှ အာမခံတွေကို စီမံပေးနိုင်ခဲ့တဲ့ အဖွဲ့ထဲမှာ ပါဝင်နေသူ တစ်ဦးဖြစ်ပါတယ်။ သူတို့ဟာ ပျမ်းမျှအားဖြင့် ဧကဝက်ရှိတဲ့ လယ်ကို ပိုင်ဆိုင်ခဲ့ကြကာ ပျမ်းမျှအားဖြင့် ပရီမီယံအဖြစ် နှစ်ယူရိုခန့် ပေးခဲ့ကြရပါတယ်။ အဲဒါဟာ မိုက်ခရိုခေါ် အသေးစားအာမခံမျိုးပါ။ လုပ်ရိုးလုပ်စဉ် အာမခံဆိုရင် ခုနကပြောခဲ့တဲ့ ပရီမီယံကြေး နှစ်ယူရိုဖြင့် အလုပ်မလုပ်ကြပါဘူး၊ အဲဒီလို လုပ်ရိုးလုပ်စဉ် အာမခံဟာ လယ်မြေတွေကို သွားကြည့်ရလို့ပါ။ ဥပမာ ဂျာမနီနိုင်ငံထဲက လယ်သမားဆီကို ရာသီ အစပိုင်းမှာ၊ အလယ်မှာ၊ ပြီးတော့ အဆုံးပိုင်းမှာ၊ အဲဒါ့အပြင် ဆုံးရှုံးမှု ရှိခဲ့ရင်၊ နစ်နာမှာကို ခန့်မှန်းဖို့အတွက် သွားပြီး လိုက်လံကြည့်ရပါတယ်။ အာဖရိက အလယ်ပိုင်းရှိ အသေးစား လယ်သမားရဲ့ ကိစ္စထဲမှာကျတော့၊ ခုနကလို သွားပြီး စစ်ဆေးကြည့်ရှုရတာမျိုးဟာ ဘယ်လိုမှ အကျိုးမရှိနိုင်ပါ။ အဲဒီလို သွားကြည့်မယ့်အစား၊ ကျွန်မတို့ နည်းပညာ နဲ့ အချက်အလက်တွေကို အားကိုးပါတယ်။ ဒီဂြိုဟ်တုဟာ တိမ်တွေ ရှိခဲ့သလား မရှိခဲ့ဘူးလားဆိုတာကို တိုင်းကြည့်ပါတယ်၊ အဲဒီလို တိုင်းကြည့်ရတာက၊ တိမ်တွေ ရှိနေခဲ့တယ်ဆိုရင်၊ မိုးအနည်းငယ် ရွာနိုင်လို့ပါ၊ တိမ်တွေ လုံးဝမရှိခဲ့ဘူး ဆိုရင်တော့၊ လက်တွေ့မှာ မိုးရွာနိုင်စရာ လုံးဝအကြောင်း မရှိနိုင်ပါ။ ဟောဒီပုံတွေကျတော့ မိုးရာသီ အလားအလာကို ပြနေပါတယ်၊ ကင်ညာနိုင်ငံရဲ့ လက်ရှိရာသီအတွက်ပါ။ မတ်လ ၆ ရက် တစ်ဝိုက်အခြေအနေကို မြင်ကြတယ် မဟုတ်လား၊ တိမ်တွေ အထဲကိုဝင်လာကြတဲ့ နောက်မှာ ပျောက်သွားကြတယ်၊ အဲဒီနောက်ပိုင်း မတ်လ ၁၁ ရက် တစ်ဝိုက်မှာ တိမ်တွေ ပေါ်လာကြတာကို တကယ်ပါပဲ။ ဟိုဘက်မှာ၊ ပြီးတော့ ဟိုမှာမြင်ရတဲ့ တိမ်တွေဟာ ဒီနှစ် မိုးရာသီရဲ့ အလားအလာကို ပြသနေကြပါတယ်။ ဒီဂြိုဟ်တုဟာ အာဖရိက တစ်တိုက်လုံးကို လွှမ်းခြုံထားပါတယ်၊ ပြီးတော့ ၁၉၈၄ ခုနှစ်ကတည်းက ရှိလာခဲ့တာပါ၊ အဲဒီအချက်ဟာ အရေးပါပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ ဒေသ တစ်ခုမှာ မိုးခေါင်မှုကို ဘယ်နှစ်ကြိမ် ကြုံတွေ့ခဲ့ရသလဲ ဆိုတာကို သိထားတဲ့နောက်မှာ၊ အနာဂတ်မှာပါ မိုးခေါင်မှုရဲ့ အလားအလာ ဘယ်လောက်ရှိုနိင်ကြောင်းကို အတော်ကလေး တိကျစွာ ခန့်မှန်းလို့ ရနိုင်မှာမို့လို့၊ မိုးခေါင်မှုဆိုတဲ့ အန္တရာယ်ကို ကျွန်မတို့ဟာ ဈေးနှုန်းတံဆိပ်ကို တပ်ပေးလို့ ရနိုင်လာမှာပါ။ ဒါပေမဲ့ အဲဒီလို အချက်အလက်တွေကိုယ်၌ဟာ မလုံလောက်ပါဘူး။ ကျွန်မတို့ဟာ လယ်ယာစိုက်ပျိုးရေး အယ်လဂိုရီသမ် ဆိုတာကို ပြုစုထားပါတယ် သီးနှံတစ်ခုခုအတွက် မိုးဘယ်လောက်လိုတယ်၊ ဘယ်အချိန်မှာ လိုတယ် ဆိုတာသိနိုင်ပါတယ်။ ဥပမာ၊ ပြောင်းကို စိုက်တဲ့ အချိန်မှာ လယ်သမားတွေ စိုက်ပျိုးနေစဉ်၊ မိုးနှစ်ရက် ရွာပေးရန် လိုပါတယ်၊ အဲဒီနောက်မှာတော့ နှစ်ပတ်တိုင်းမှာ တစ်ကြိမ်ရွာပေးမှသာ မျိုးစေ့ဟာ စနစ်တကျ အညှောင့်ထွက်လာမှာပါ။ အဲဒီနောက်မှာ ကျွန်မတို့ဟာ သုံးပတ်တစ်ကြိမ် မိုးရွာပေးဖို့လိုပါတယ်၊ အဲဒီလိုရွာပေးမှသာ သီးပင်ဟာ အရွက်တွေ ထွက်လာပါမယ်၊ တစ်ဖန်၊ ပန်းတွေပွင့်လာဖို့အတွက် မိုးမကြာခဏ ရွာပေးဖို့ လိုပါမယ်၊ ဆယ်ရက်တိုင်းမှာ တစ်ကြိမ် ရွာပေးရင် ပြောင်းရိုးတွေ ပေါ်ထွန်းလာမှာပါ။ ရာသီအကုန်ပိုင်းတွင် တကယ်တော့ မိုးမရွာဘဲ နေရင် ကျွန်မတို့အတွက် ကောင်းမှာပါ၊ မိုးရွာမယ်ဆိုရင် ပြောင်းဖူးတွေကို ထိခိုက်ပျက်စီးစေနိုင်လို့ပါ။ အဲဒီလို အချက်အလက်တွေကို ပြုစု အကြံပေးရတာဟာ ခက်ခဲတာမှန်ပေမဲ့၊ ဒါပေမဲ့၊ လက်တွေ့ လုပ်ကိုင်ရာမှာ အခက်ဆုံး စိန်ခေါ်မှုက အာမခံကို ရောင်းရတဲ့ အလုပ်ပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ ပထမဦးဆုံး ရာသီအပြီးမှာ စုစုပေါင်း လယ်သမား ၅၀၀ တို့ကို အာမခံပေးကြမယ်လို့ ကျွန်မတို့ လျာခဲ့ကြပါတယ်။ နှစ်ကြာ ကြိုးစားခဲ့တဲ့ နောက်မှာ ကျွန်မတို့ဟာ အားလုံးပေါင်း လယ်သမား ၁၈၅ ဦးကိုသာ အာမခံရောင်းနိုင်ခဲ့ကြပါတယ်။ ကျွန်မဟာ စိတ်ပျက်သွားကာ ဘာလုပ်ရမှန်း မသိခဲ့ပါ။ လယ်သမားတွေအတွက် အာမခံဟာ သိပ်အရေးကြီးတယ်ဆိုပြီး လူတိုင်း ကျွန်မကို ပြောလာခဲ့ကြပါတယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ အဓိကရ လယ်သမားတွေဟာ မဝယ်ကြပါ။ ရှေ့ဆက်ပြီး ဘယ်လိုများ ဖြစ်လာမလဲ ဆိုတာကို သူတို့ စောင့်ကြည့်လိုခဲ့ကြပါတယ်၊ သူတို့ဟာ အာမခံကုမ္ပဏီတွေကို မယုံကြည့်ခဲ့ကြပါ၊ ပြီးတော့၊ "ငါနှစ်ပေါင်း များစွာကြာအောင် လုပ်ကိုင်လာခဲ့တဲ့ဟာပဲ၊ အခုကျမှ ဘာဖြစ်လို့ အာမခံကို ဝယ်ရမှာလဲ?" တွေးခဲ့ကြပါတယ်။ ခင်ဗျားတို့ထဲက တော်တော်များများတို့က အသေးစားငွေချေးမှုဆိုတာကို သိကြပါတယ်၊ Muhammad Yunu မှ ရှေ့ဆောင်လျက် ဆင်းရဲတဲ့ ပြည်သူများအတွက် အသေးစား ချေးငွေတွေကို ထုတ်ပေးလာခဲ့တယ်၊ သူဟာ Grameen Bank ကို ထူထောင်ပြီး အဲဒီလိုလုပ်ကိုင်ခဲ့တာကြောင့် နိုဘယ်ဆုကိုတောင် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အသေးစားချေးငွေကို ထုတ်ပေးခြင်းဟာ အာမခံကို ရောင်းရတာနဲ့ မတူခြားနားတာကို တွေ့လာရပါတယ်။ ချေးငွေတစ်ခုအတွက် လယ်သမားဟာ ဘဏ်တစ်ခုမှ သူ့ကို ယုံကြည်ဖို့ လိုအပ်ပါတယ်၊ အဲဒီကိစ္စအောင်မြင်မယ်ဆိုရင်၊ ဘဏ်ဟာ သူ့ကို ငွေထုတ်ချေးပါမယ်။ အဲဒါဟာ စွဲမက်စရာကောင်းတဲ့ ကမ်းလှမ်းချက်ပါ။ အာမခံကိစ္စထဲမှာကျတော့၊ လယ်သမားကမှ အာမခံကုမ္ပဏီကို ယုံကြည်ဖို့ လိုအပ်ပါတယ်၊ ယုံကြည်မှသာ အာမခံကုမ္ပဏီကို ငွေပေးမှာပါ။ ကမ်းလှမ်းချက် တန်ဖိုးသဘောအရ သိပ်ကိုခြားနားတဲ့ အခြေအနေမျိုးပါ။ အဲဒါကြောင့်မို့လို့ အာမခံကို မှာယူမှုနှုန်းဟာ နှေးခဲ့ပါတယ်၊ ၂၀၁၂ ခုနှစ်ထဲမှာ အာမခံကို ဝယ်ယူခဲ့ကြသူ အာဖရိက တစ်တိုက်လုံးမှာ ၄.၄ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်၊ ပြီးတော့ အဲဒါရဲ့ တစ်ဝက်ဟာ တောင်အာဖရိက တစ်နိုင်ငံထဲမှ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ အာမခံတွေကို လယ်သမားများအား တိုက်ရိုက် ရောင်းဖို့ နှစ်အနည်းငယ်ကြာ ကြိုးစားခဲ့ကြရာ အကုန်အကျ သိပ်မြင့်မားခဲ့ပေမဲ့ အောင်မြင်မှုဟာ တော်ရုံမျှသာ ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ လယ်သမားတွေနဲ့ အလုပ်လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ မနည်းကြီး၊ မျိုးစေ့ကုမ္ပဏီတွေ အသေးစား ချေးငွေ ကုမ္ပဏီတွေ၊ မိုဘိုင်းဖုန်း ကုမ္ပဏီတွေ အစိုးရအေဂျင်စီတွေ ရှိနေတာကို စဉ်းစားမိပါတယ်။ ၎င်းတို့အားလုံးဟာ လယ်သမားတွေကို ချေးငွေများ ထုတ်ပေးနေခဲ့ကြပါတယ်၊ မကြာခဏဆိုသလို၊ ချေးငွေကို နောက်ဆုံး ထုတ်မပေးခင်မှာ လယ်သမားတွေက "မိုးမရွာဘဲ နေခဲ့ရင် ဘယ်လိုဖြစ်မလဲ? ကျွန်တော်တို့ဟာ ချေးငွေကို ဘယ်လိုလုပ် ပေးနိုင်ပါ့မလဲ?" မေးကြပါတယ်။ အဲဒီလို အဖွဲ့အစည်း တော်တော်များတို့က အဲဒီလို အန္တရာယ်ကို မိမိဘာသာမိမိ ယူခဲ့ကြပါတယ်၊ အဲဒီနှစ်ဟာ အဆိုးဆုံးနှစ်ဖြစ်မှာ မဟုတ်ဘူး ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ အဲဒီ အဖွဲ့အစည်း အများစုတို့ဟာ လယ်ယာစိုက်ပျိုးရေးဆိုငရာ သူတို့ရဲ့ လုပ်ငန်းတွေကို အကန့်အသတ်ဖြင့် လုပ်ခဲ့ကြပါတယ်။ ၎င်းတို့ဟာ အဲဒီလို အန္တရာယ်မျိုးကို မယူလိုခဲ့ကြပါ။ အဲဒီအဖွဲ့အစည်းတွေဟာ ကျွန်မတို့ရဲ့ ဖောက်သည်တွေ ဖြစ်လာကြပါတယ်၊ ငွေထုတ်ပေးခြင်း နဲ့ အာမခံကို ပေါင်းလိုက်တဲ့တအခါမှာ စိတ်ဝင်စားစရာ အရာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျွန်မဟာ နောက်ဖြစ်ရပ် တစ်ခုကို ပြောပြပါရစေ။ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလရဲ့ အစပိုင်းမှာ၊ ကင်ညာနိုင်ငံရဲ့ အနောက်ပိုင်းတွင်၊ မိုးစရွာလာခဲ့ရာ၊ စောပြီး ရွာလာခဲ့ပါတယ်၊ မိုးဟာ စောပြီးရွာလာရင်၊ လယ်သမားတွေဟာ အားတက်လာကြပါတယ်၊ ပုံမှန်အားဖြင့် ရာသီကောင်းမယ် ဆိုတာရဲ့ နမိတ်လက္ခဏာမို့လို့ပါ။ အဲဒါနဲ့ သူတို့ဟာ ချေးငွေတွေကို ထုတ်ယူကြပြီး စိုက်ပျိုးခဲ့ကြပါတယ်။ အဲဒီ နောက်သုံးပတ်ကြာ မိုးတစ်စက်မှာမှ မရွာခဲ့ပါဘူး၊ အညှောင့်တွေ ကောင်းကောင်း ထွက်လာနေခဲ့တဲ့ ခြောက်သွားလျက် သေသွားကြပါတယ်။ ကျွန်မတို့ဟာ ထုတ်ပေးခဲ့တဲ့ ချေးငွေတွေကို အသေးစား ချေးငွေဌာန တစ်ခုမှာ အာမခံထားခဲ့ပါတယ်၊ အဲဒီဒေသထဲက လယ်သမား ၆၀၀၀ တို့အတွက် ဖြစ်ခဲ့ပါတယ်၊ ဒါနဲ့ ကျွန်မတို့က သူတို့ကို ခေါ်ယူကာ "မိုးခေါင်ခဲ့တာကို ကျွန်မတို့ သိပါတယ်။ ဒါကြောင့် ကျွန်မတို့ ခင်ဗျားတို့ကို ခေါ်ယူခဲ့တာပါ။ ခင်ဗျားတို့ကို ရာသီကုန်သွားချိန်မှာ ယူရိုငွေ ၂၀၀ ၀၀၀ ပြန်ထုတ်ပေးကြပါမယ်။" သူတို့က၊ "ဟုတ်လား၊ သိပ်ကောင်းလိုက်တာ၊ ဒါပေမဲ့ အဲဒီလိုဆိုရင် နောက်ကျသွားမယ်။ ခင်ဗျားတို့ အဲဒီငွေကို အခုများ ပေးနိုင်မလား? မေးကြပါတယ်။ အဲဒီလိုဆိုရင် အဲဒီလယ်သမားတွေဟာ ထပ်ပြီး ပြန်စိုက်နိုင်မှာမို့လို့ ဒီရာသီထဲမှာကို နောက်တစ်သီး ရိတ်သိမ်းနိုင်ကြပါမယ်။" အဲဒါနဲ့ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့ အာမခံ လုပ်ကိုင်ဖေါ်တွေကို နားချနိုင်ခဲ့ကြလို့၊ နောက်ပိုင်း ဧပြီလထဲမှာ၊ အဲဒီလယ်သမားတွေဟာ ပြန်ပြီး စိုက်နိုင်ခဲ့ကြပါတယ်။ ကျွန်မတို့ဟာ အဲဒီလို ပြန်လည်စိုက်ပျိုးရေး စိတ်ကူးကို မျိုးစေ့ကုမ္ပဏီ တစ်ခုဆီကို ပြောပြပြီး မျိုးစေ့အိတ်တိုင်းရဲ့ တန်ဖိုးထဲကို အာမခံ ကုန်ကျစရိတ်ကို ထည့်ပြီးတွက်ယူရန် နားချနိုင်ခဲ့ပါတယ်၊ ပြီးတော့ အဲဒီအိတ်တိုင်းထဲကို၊ ကျွန်မတို့ဟာ ကဒ်တစ်ခုစီထည့်ပေးလိုက်ရာ အဲဒီမှာ နံပါတ်တစ်ခုစီ ပါခဲ့ပါတယ်၊ လယ်သမားတွေက ၎င်းတို့ကို ဖွင့်လိုက်တဲ့အခါမှာ၊ အဲဒီ နံပါတ်ကို ကျွန်မတို့ဆီ စာတိုဖြင့် ပြန်ပို့ရပါတယ်၊ အဲဒီနံပါတ်ဟာ လက်တွေ့မှာကျတော့ အဲဒီလယ်သမား တည်နေရာကို ရှာဖွေဖေါ်ထုတ်နိုင်အောင် ကူပေးပါမယ်၊ သူတို့ကို ဂြိုဟ်တုမြေပုံပေါ်မှာ မှတ်ပေးနိုင်မှာပါ။ အဲဒီဂြိုဟ်တုဟာ လာမယ့် သုံးပတ်ကာလအတွက် မိုးရေကို တိုင်းထွာယူပါမယ်၊ တကယ်လို့ မိုးမရွာခဲ့ဘူးဆိုရင်၊ ကျွန်မတို့ဟာ သူတို့ကို မျိုးစေ့တွေကို အစားထိုး ထုတ်ပေးကြပါမယ်။ ပထမဦးဆုံး တစ်ယောက်ဟာ — (လက်ခုပ်တီးသံများ) — ခဏလေး၊ ကျွန်မ မပြီးသေးပါဘူး! အဲဒီလို ပထမဦးဆုံး အစားထိုးထုတ်ပေးတဲ့ အာမခံကို ရရှိလိုက်သူမှာ Bosco Mwinyi ပဲ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့ဟာ သူ့စိုက်ခင်းကို ဩဂုတ်လ နောက်ပိုင်းမှာ သွားကြည့်ခဲ့ကြတော့၊ သူက သူ့ရဲ့ သီးနှံရလဒ်တွေကို ကျွန်မတို့အား ပြသတုန်းမှာ ပြုံးနေတဲ့ သူရဲ့ မျက်နှာကို ခင်ဗျားတို့ကို ပြပေးချင်ပါတယ်၊ အဲဒါက ကျွန်မရဲ့ နှလုံးသားကို နွေးထွေးသွားစေခဲ့ပါတယ်၊ ကျွန်မက ရောင်းဖို့ ကြိုးစားနေတဲ့ သီးနှံများအတွက် အာမခံဟာ ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်နိုင်တာကို ယုံကြည်လာစေလို့ပါ။ သူက သူရဲ့ စိုက်ခင်းထဲက သီးနှံတွေအားလုံးကို ရိုက်ကူးရန် မရမက တောင်းဆိုခဲ့လို့ အားလုံးကို ရိုက်ယူနိုင်အောင် ကျွန်မတို့ဟာ မှန်ဘီလူးကို ချုံ့ပြီး ရိုက်ခဲ့ရပါတယ်။ အဲဒီရာသီတုန်းက အာမခံဟာ သူ့ရဲ့သီးနှံတွေကို အာမခံပေးနိုင်ခဲ့ပါတယ်၊ ဒီနေ့တွင် အာဖရိက လယ်သမားတွေကို သူတို့ကံကြမ္မာရဲ့ ပိုင်ရှင်တွေ ဖြစ်လာနိုင်အောင် ထိန်းချုပ်ခွင့် ပေးနိုင်တဲ့ ကိရိယာတွေအားလုံး ကျွန်မတို့ဆီမှာ ရှိနေပြီလို့ ယုံကြည်ပါတယ်။ သီးနှံ တစ်ပြည်တည်း ထွက်တဲ့ နှစ်တွေ နောက်ထပ် မရှိနိုင်ပါ။ အဲဒီအစား၊ ယုတ်စွအားဖြင့်၊ အာမခံများရဲ့ နှစ်ကို၊ ဒါမှမဟုတ် အသီးအနှံ အများဆုံးထွက်တဲ့နှစ်ကို ကျွန်မတို့ မြင်တွေ့ကြရဖို့ ရှိနေပါတယ်။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်တီးသံများ)