(၂၀၀၁)ခုနှစ်မှာ ကျွန်တော့ရဲ့ ပထမဆုံးကလေးစာအုပ် ပုံနှိပ်ထုတ်ဝေလိုက်တော့ ကျွန်တော့ရဲ့ မူလတန်းကျောင်းဟောင်းကို ပြန်သွားပြီး ကျောင်းသူ၊ကျောင်သားတွေကို စာရေးဆရာနဲ့ သရုပ်ဖော်ပုံတွေရေးဆွဲသူ ပန်းချီဆရာတစ်ယောက်ရဲ့ ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။ မုန့်စားတန်း ခန်းမကျယ်ထဲမှာ ကျွန်တော့ရဲ့ ဆလိုက်ပရိုဂျက်တာကို ဆင်နေတုန်းမှာ အခန်းထဲကို ဝေ့ဝဲကြည့်မိလိုက်တယ်။ ပြီးတော့ သူမက အဲဒီမှာရှိနေတာပေါ့။ ကျွန်တော့ရဲ့ အရင်တုန်းက နေ့လည်စာ စီစဉ်ပေးသူ အမျိုးသမီးကြီးပါ။ သူမဟာ အခုထက်ထိ ကျောင်းမှာရှိနေတုန်းပါပဲ။ ပြီးတော့ တစ်နေ့တာအတွက် နေ့လည်စာတွေကို မနေမနား စီစဉ်နေတုန်းပဲလေ။ ဒါကြောင့် သူ့ကို နှုတ်ခွန်းဆက်ဖို့ သူမအနားကပ်သွားလိုက်ပြီး ပြောလိုက်တာက "ဟိုင်း၊ ဂျင်းနီရေ၊ နေကောင်းတယ်နော်" လို့ပေါ့။ ဒီမှာ သူမက ကျွန်တော့ကို ကြည့်လိုက်ပါတယ်၊ သူမ ကျွန်တော့ကို မှတ်မိတယ်ဆိုတာ ကျွန်တော်ပြောရဲတယ်ဗျာ။ ဒါပေမဲ့ သူမဟာ ကျွန်တော့ကို သိပ်ပြီး မမှတ်မိဘူးဖြစ်နေတယ်။ ဒါနဲ့ သူမက ကျွန်တော့ကို ကြည့်ပြီးပြောလိုက်တာက " " Stephen Krosoczka လား"တဲ့။ ဒီတော့ ကျွန်တော် Krosoczka ဆိုတာကို သူမသိတယ်ဆိုတော့ ကျွန်တော် အံ့အားသင့်သွားတာပေါ့ဗျာ။ ဒါပေမဲ့ စတီဖန်ဆိုတာက ကျွန်တော့ထက် အသက်(၂၀)ပိုကြီးတဲ့ ကျွန်တော့ဦးလေးပါ။ သူရဲ့ ကလေးဘဝတုန်းကလည်း သူမက နေ့လည်စာ စီစဉ်ပေးတဲ့သူ ဖြစ်ခဲ့တာကိုး။ နောက်ပြီးတော့ သူမရဲ့ မြေးတွေအကြောင်းကို ကျွန်တော့ကို စတင်ပြီး ပြောနေတော့တာပေါ့။ ဒါက ကျွန်တော့ကို ဘဝင်ခိုက်သွားစေတာပေါ့ဗျာ။ ကျွန်တော့ရဲ့ နေလည်စာ စီစဉ်ပေးသူ အမျိုးသမီကြီးမှာ မြေးတွေရှိခဲ့တယ်၊ ဒါကြောင့် ကလေးတွေဟာ ၊ ဒါကြောင့်ပဲ အဆုံးမှာ ကျောင်းက ထွက်သွားတတ်တာကိုး။ ကျွန်တော်ထင်ထားမိတာက သူမဟာ မုန့်စားတန်းထဲမှာ ဇွန်းတွေ တည်ခင်းပေးရင်း နေထိုင်ခဲ့တယ်ဆိုတာပဲ။ အဲဒီမတိုင်မှီက ဒီအကြောင်းကို ကျွန်တော် တစ်ခါကလေးမှ မတွေးမိခဲ့ဖူးပါဘူးဗျာ။ ကောင်းပြီဗျာ၊ အဲဒီ အကြောင်းတရားနဲ့ ကြုံတွေလိုက်ရတာက ကျွန်တော့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ကွန့်မြူးစေခဲ့တာပေါ့။ ကျွန်တော် Lunch Lady ဆိုတဲ့ ရုပ်ပြဝတ္ထုတွဲတွေကို ဖန်တီးခဲ့ပါတယ်။ နေ့လည်စာ စီစဉ်ပေးတဲ့ အမျိုးသမီးဟာ မကောင်းဆိုးဝါး လူသားစက်ရုပ်ကြီးတွေ၊ ကျောင်းကားမှာရှိတဲ့ သတ္တဝါကြီးတစ်ကောင်၊ သန္ဓေပြောင်း သင်္ချာပြိုင်ပွဲဝင်တွေကို သူမရဲ့ ငါးတုတ်ချောင်း နန်ချပ်ကူကိုသုံးပြီး တိုက်ထုတ်တဲ့ ကာတွန်းဇာတ်လမ်းတွဲတွေပေါ့။ ပြီးတော့ စာအုပ်အဆုံးသတ်တိုင်းမှာ သူတို့တွေဟာ လူဆိုးကို ဆံထုံးအုပ်နဲ့ဖမ်းပြီး ကြေညာလိုက်တာက "တရားမျှတမှုကို ထမ်းဆောင်လိုက်ပါတယ် ဗျို့"တဲ့။ (ရယ်သံများ) (လက်ခုပ်သံများ) ပြီးတော့ ဒါဟာ အံ့ဩစရာကောင်းနေခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းတွဲကို ကလေးတွေရဲ့ စာဖတ်ခြင်း လောကမှာ အရမ်းကြီး ကြိုဆိုလက်ခံကြပြီး သူတို့တွေက အံ့ဩစရာအကောင်းဆုံး စာတွေ၊ ကတ်ပြားတွေ၊ သရုပ်ဖော်ပုံတွေကို ကျွန်တော့ဆီကို ပို့ခဲ့ကြတယ်လေ။ နောက်ပြီး ကျောင်းတွေကို ကျွန်တော်သွားသွားနေတုန်း သတိထားမိလိုက်တာက နေ့လည်စာ ဝန်ထမ်းတွေဟာ အစီအစဉ်မှာ အင်မတန်ကိုမှ အဓိပ္ပါယ်ရှိလှတဲ့ နည်းလမ်းတစ်ခု ပါဝင်ပတ်သက်နေနေတာပါပဲ။ နောက်ပြီးတော့ တစ်နံတစ်လျားမှာရှိတဲ့ နေ့လည်စာဝန်ထမ်း အမျိုးသမီးတွေအားလုံးက တစ်လေသံတည်း ကျွန်တော့ကို ပြောပြကြတာက "ကျွန်မတို့နဲ့ ဆင်တဲ့ ထိပ်တန်းလူစွမ်းကောင်းတစ်ဦးကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"တဲ့လေ။ ဘာဖြစ်လို့လဲဆိုတော့ဗျာ ကြာလာတော့ ခေတ်သစ်ယဉ်ကျေးမှုမှာ နေ့လည်စာဝန်ထမ်း အမျိုးသမီးကို ဖော်ဖော်ရွေရွေနဲ့ မဆက်ဆံကြတော့ဘူးလေ။ ဒါပေမဲ့ ဒါက ဂျင်းနီအတွက် အရမ်းကို အဓိပ္ပါယ်အရှိဆုံးဖြစ်နေတယ်လေ။ စာအုပ်တွေပထမဆုံး ပုံနှိပ်ထုတ်ဝေတော့ စာအုပ်မိတ်ဆက်ပွဲမှာ သူမကိုဖိတ်ကြားခဲ့ပါတယ်။ လူတိုင်းရဲ့ရှေ့မှောက်မှာ၊ သူမနှစ်ပေါင်းများစွာ ကျွေးမွေးပြုစုခဲ့တဲ့ သူတွေရဲ့ရှေ့မှောက်မှာပေါ့၊ ကျွန်တော် သူမကို ပန်းချီလက်ရာတစ်ခုနဲ့ စာအုပ်တစ်ချို့ကို ပေးခဲ့ပါတယ်။ ဒီဓါတ်ပုံရိုက်ပြီး နောက်(၂)နှစ် အကြာမှာတော့ သူမ ကွယ်လွန်သွားရှာခဲ့ပါတယ်။ သူမရဲ့ အသုဘ ညစောင့်အိပ်တာကို ကျွန်တော်တက်ရောက်တော့ ကျွန်တော်မြင်လိုက်ရတာက ကျွန်တော်လုံးဝ မမျှော်လင့်ထားခဲ့တဲ့အရာပါ။ အကြောင်းကတော့ သူမရဲ့ ခေါင်းဘေးမှာရှိခဲ့တာက ဒီပန်းချီကားလေးဗျာ။ ပြီး သူမရဲ့ အမျိုးသားကပြောတာက ကျွန်တော် အသိအမှတ်ပြုခဲ့မိလိုက်တဲ့ သူမရဲ့ အလုပ်ကြိုးစားမှု၊ ကျွန်တော် သက်သေပြုခဲ့လိုက်တဲ့ သူမလုပ်ခဲ့တာတွေဟာ သူမအတွက်အတော်ကို အရေးပါခဲ့တယ်တဲ့လေ။ နောက်ပြီးတော့ ဒါက နိူင်ငံတလွှားမှာရှိတဲ့ မုန့်စားတန်းတွေမှာရှိတဲ့ ခံစားချက်ကို ကျွန်တော်တို့ ပြန်လည်ထူထုတ်ဖော်နိူင်တဲ့ နေ့တစ်နေ့ကို ဖန်တီးဖို့ ကျွန်တော့ကို စေ့ဆော်ပေးခဲ့ပါတယ်။ "ကျောင်းမုန့်စာတန်း လူစွမ်းကောင်းများနေ့"။ ကျောင်းက ကလေးတွေ သူတို့ရဲ့ နေလည်စာ ဝန်ထမ်းတွေအတွက် ထိုးထွင်းဖန်တီးထားတဲ့ ပရောဂျက်တွေ ပြုလုပ်နိူင်တဲ့ နေ့တစ်နေ့ပေါ့ဗျာ။ ကျွန်တော် "ကျောင်းအဟာရ အဖွဲ့အစည်းနဲ့ တွဲဖက်လိုက်ပါတယ်။ နေ့စဉ်နေ့တိုင်း ကျောင်းနေ့လည်စာ အစီအစဉ်မှာ ကလေးပေါင်း သန်း (၃၀)ကျော်ကျော် ပါဝင်ဆောင်ရွက်ကြတယ်ဆိုတာ သင်သိပါသလား။ ဒါဟာဆိုရင် ကျောင်းစာသင်နှစ်တိုင်းမှာ ပြုလုပ်တဲ့ နေ့လည်စာ သန်း(၅၀၀၀)ကျော်ကျော် အရေအတွက်နဲ့ ညီမျှတာပေါ့။ သူရဲကောင်း ဆန်တဲ့ ဇာတ်လမ်းတွေဟာ ကလေးတစ်ယောက်က သူတို့ရဲ့ လင်ပန်းပေါ်မှာ အပိုကြက်သားတုံးကလေး အနည်းငယ်ကိုတင်လိုက်တယ် ဆိုတာထက်ကို အများကြီးကျော်လွန် သွားပါတယ်။ ကယ်လီဖိုးနီးယားမှာ Ms. Brenda ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ်။ သူမဟာဆိုရင် သူမရဲ့ လိုင်းကို ဖြတ်လျှောက်လာတဲ့ ကလေးတိုင်းကို အနီးကပ်စောင့်ကြည့်ပြီး၊ တစ်ခုခုလွဲချော်သွားရင် လမ်းညွှန်ချက်ပေးတဲ့ အကြံပေးပုဂ္ဂိုလ်ကို အစီရင်ခံပါတယ်။ ကျောင်းသာ(၆၇)ရာခိုင်နှုန်းဟာ နေ့တိုင်းပဲ ဒီနေ့လည်စာတွေကို မှီခိုနေရတယ်ဆိုတာကို နားလည်သဘောပေါက်သူတွေကတော့ ကန်တပ်ကီမှာရှိတဲ့ နေ့လည်စာဝန်ထမ်း အမျိုးသမီးတွေပါ။ သူတို့တွေဟာ နွေရာသီမှာ မစားမသောက်ပဲနေခဲ့မှာဆိုတော့ သူတို့တွေဟာ ရွေ့လျား ကျွေးမွေးခြင်း ယူနစ်တစ်ခုကို ဖန်တီးဖို့ ကျောင်းကားတစ်စီးကို ပြန်လည်ပံ့ပိုးပေးခဲ့ပါတယ်။ နောက်ပြီး နွေရာသီကာလအတွင်းမှာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရပ်ကွက်တွေကို ခရီးဆန့်ပြီး တစ်နေ့ကို ကလေး(၅၀၀) ကျွေးမွေးခဲ့ပါတယ်။ နောက်ပြီးတော့ ကလေးတွေဟာ အံ့ဩဖွယ်ရာ အကောင်းဆုံး ပရောဂျက်တွေကို ဖန်တီးခဲ့ကြပါတယ်။ သူတို့လုပ်လိမ့်မယ်လို့ ကျွန်တော်သိနေတယ်လေ။ ကလေးတွေဟာ ရောင်စုံ ကတ်ထူစက္ကူတွေကိုသုံးပြီး ဟန်ဘာဂါ ကတ်ပြားတွေလုပ်ခဲ့ကြတယ်။ သူတို့ရဲ့ နေ့လည်စာ ဝန်ထမ်းအမျိုးသမီးရဲ့ ဦးခေါင်းကို ဓာတ်ပုံရိုက်ယူပြီး၊ ကျွန်တော့ရဲ့ ကာတွန်းရုပ်ပေါ်မှာလာကပ်၊ ပြီးတော့ နွားနို့ဘူးတစ်ဘူးပေါ်မှာ တပ်ဆင်လိုက်ပြီး သူတို့ကို ပန်းပွင့်တွေနဲ့အတူ လက်ဆောင်ပေးလိုက်ကြတယ်။ နောက်ပြီး သူတို့ကိုယ်ပိုင် ရုပ်ပြောင်တွေဖန်တီးခဲ့ကြတယ်၊ ကာတွန်း နေ့လည်စာ ဝန်ထမ်းအမျိုးသမီးနဲ့ တကယ့် နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတို့ ယှဉ်တွဲ သရုပ်ဆောင်နေတဲ့ပုံတွေပေါ့။ နောက်ပြီး ကျေးဇူးတင်ချီးမွမ်းတဲ့ ပီဇာတွေ သူတို့လုပ်ကြပါတယ်၊ ဒီမှာ ရောင်စုံ ကတ်ထူစက္ကူ ပီဇာရဲ့ အပေါ်က လောင်းထားတဲ့ အလွှာအမျိုးမျိုးမှာ ကလေးတိုင်းက လက်မှတ်ထိုးထားကြတယ်လေ။ ကျွန်တော့အဖို့ကတော့ဗျာ နေ့လည်စာ တည်ခင်းတဲ့ အမျိုးသမီးတွေဆီကလာတဲ့ တုံ့ပြန်မှုကြောင့် အရမ်းကြီးကို စိတ်လှုပ်ရှားမိခဲ့တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ဗျာ အမျိုးသမီးတစ်ယောက်က ကျွန်တော့ကို ပြောလိုက်လို့ပါ၊ သူပြောလိုက်တာက "ဒီနေ့မတိုင်ခင်က ကျွန်မဟာ ဒီကျောင်းမှာရှိတဲ့ ဂြိုဟ်ကမ္ဘာရဲ့ အစွန်းကိုရောက်သလိုမျိုး ခံစားမိပါတယ်ရှင်။ ကျွန်မတို့ ဟောဒီမှာရှိနေတာကို ဘယ်သူကမှ သတိထားမိခဲ့တယ်လို့တောင် မထင်မိခဲ့ဘူးရှင်"တဲ့လေ။ နောက်ထပ် အမျိုးသမီးတစ်ယောက် ပြောတာက "ရှင်သိတဲ့အတိုင်းပဲလေ၊ ကျွန်မ ဒီကနေ ရရှိလိုက်တဲ့ အကျိုးကျေးဇူးက ကျွန်မလုပ်ဆောင်တာဟာ အရေးပါတယ်ဆိုတာပါပဲရှင်"တဲ့။ သူမလုပ်ဆောင်တာဟာ အရေးပါတယ်ဆိုတာ မှန်တာပေါ့ဗျာ။ သူတို့အားလုံး လုပ်ဆောင်တာတွေဟာ အရေးပါပါတယ်ဗျာ။ သူတို့တွေဟာ ကျွန်တော့တို့ ကလေးတွေကို နေ့တိုင်း ကျွေးမွေးနေကြတာဖြစ်ပြီးတော့ ကလေးတစ်ယောက်ဟာ စာမသင်ခင် သူတို့ရဲ့ ဗိုက်တွေပြည့် နေဖို့လိုတာပေါ့။ ရှေ့တန်းမျက်နှာစာတွေမှာ အလုပ်လုပ်နေကြတဲ့ ဒီအမျိုးသမီး၊ အမျိုးသားတွေဟာ ပညာတတ် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီးဖို့ပါ။ ဒါကြောင့်မို့လို့ ခင်ဗျားတို့ရဲ့ နေ့လည်စာ ဝန်ထမ်းအမျိုးသမီးတွေကို ကျေးဇူးတင်စကားပြောဖို့ "ကျောင်းနေ့လည်စာ လူစွမ်းကောင်းများနေ့" အထိရောက်တဲ့အထိကို စောင့်နေကြမှာ မဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်မိပါတယ်။ ကျေးဇူးတင်မှုတစ်ခုဟာ ဘယ်လိုအစွမ်းထက်မြက်တယ်ဆိုတာကို ခင်ဗျားတို့ မှတ်မိကြမယ်လို့လည်း ကျွန်တော်မျှော်လင့်မိပါတယ်။ ကျေးဇူးတင်မှုတစ်ခုဟာ ဘဝတစ်ခုကို ပြောင်းလဲနိူင်ပါတယ်။ ဒါကို လက်ခံရရှိသူ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေပါတယ်။ ဒါကို နှုတ်မြွက်ပြောဆိုသူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲစေပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ (လက်ခုပ်သံများ)